တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

အခြေခံစားသောက်ကုန်စျေးနှုန်းများ ပိုမိုမြင့်တက်လာ၍ လက်လုပ်လက်စားများ အခက်တွေ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 5.5k


အေးမြတ်ခိုင်
နိရဥ္စရာ၊ စက်တင်ဘာ ၁၁/၂၀၂၁
ယခုရက်ပိုင်းအတွင်း အခြေခံစားသောက်ကုန်များ စျေးနှုန်းမြင့်တက်လာမှုကြောင့် အခြေခံလက်လုပ်လက်စား ပြည်သူများ အခက်အခဲဖြစ်နေရသည်ဟု သတင်းရရှိသည်။
စစ်တွေမြို့တွင် စားအုန်းဆီ ၁၀ ပိဿာတစ်ဘူးကို ယခင်က ကျပ် ၃၀၀၀၀ ကျော်မှ ယခု ကျပ် ၄၀၀၀၀ ကျော်၊ ကြာဇံ ၅ ပိဿာကို ယခင်က ကျပ် ၂၁၀၀၀ မှ ယခု ကျပ် ၂၄၀၀၀၊ ပဲ ၁ ပိဿာကို ယခင် ၃၀၀၀ မှ ယခု ၃၂၀၀၊ ကွမ်းသီးတစ်ပိဿာကို ယခင်က ၇၀၀၀ မှ ယခု ၁၃၀၀၀ အထိမြင့်တက်လာကြောင်း စစ်တွေမြို့မစျေးကြီးအတွင်း စားသောက်ကုန်လက်လီလက်ကားရောင်းချသည့်ဆိုင်များမှ သိရသည်။
အလားတူ စားအုန်းဆီ ၁ လီတာကို ယခင်က ကျပ် ၂၁၀၀ - ၂၂၀၀ ရှိခဲ့ရာမှ ယခုရက်ပိုင်းအတွင်း ကျပ် ၂၅၀၀၊ ကြက်သွန်ဖြူတစ်ပိဿာကို ယခင်က ကျပ် ၂၅၀၀ မှ ယခု ၃၂၀၀ -၃၈၀၀ ၊ နို့ဆီ one tea တစ်ဗူးကို ယခင်က ၈၅၀ - ၉၀၀ ကျပ်၊ ယခု ၁၁၀၀ - ၁၂၀၀ ၊ ယမ်ယမ်ချဉ်စပ်တစ်ထုပ်လျှင် ယခင်က ၁၅၀ ကျပ်မှ ယခု ၂၅၀ ကျပ်၊ မျက်စိခေါက်ဆွဲထုပ် ၁ ထုပ်လျှင် ယခင်က ကျပ် ၃ဝဝ မှ ယခု ၄၅ဝ ကျပ်အထိ စျေးရှိနေကြောင်း သိရသည်။
ယင်းသို့ ကုန်စျေးနှုန်းများမြင့်တက်လာနေမှုကြောင့် လက်လီလက်ကားရောင်းသူအချို့သည်လည်း အလွန်တရာစျေးတင်ရောင်းချမှုများနှင့် ပစ္စည်းသိုလှောင်ထားမှုများရှိ၍ အစိုးရအနေဖြင့် စိစစ်ပေးရန်လိုအပ်နေကြောင်း စစ်တွေမြို့မှ လူမှုရေးလှုပ်ရှားသူအိမ်ထောင်ရှင်မတစ်ဦးက ပြောသည်။
"ဆင်းရဲသားပြည်သူတွေအပေါ်ငဲ့ညှာသင့်တယ်။ ပြည်သူတွေစားသုံးနေရတာက စျေးမှန်တွေမဟုတ်ဘူး။ ၅ ကျပ်နဲ့ဝယ်ရမဲ့ဟာတစ်ခုကို ၁၀ ကျပ်ပေးဝယ်နေရတယ်။ ပြည်သူတစ်ယောက်အနေနဲ့ပြောရရင် အစိုးရအနေနဲ့ကလည်း ကုန်စည်စီးဆင်းမှုနဲ့ ကုန်စျေးနှုန်းမှန်အောင် စိစစ်သင့်တယ်လို့ထင်တယ်။ သက်ဆိုင်ရာဆေးဝါးနဲ့ စားသောက်ကုန်ဆိုင်ရာကြီးကြပ်ရေးကို ဖိအားပေးသင့်တယ်"ဟု ပြောသည်။
ယခုရက်ပိုင်းအတွင်း နိုင်ငံရေးအခြေအနေနှင့် ဒေါ်လာစျေးမြင့်တက်လာမှုကြောင့် ကုန်စျေးနှုန်းများ ပိုမိုမြင့်တက်လာခြင်းဖြစ်ကြောင်း စစ်တွေမြို့ မကျည်းမြိုင်ရပ်ကွက်စျေးမှ မသန်းကျော့ခင်က နိရဥ္စရာကို ပြောသည်။
"အစ်မတို့ရခိုင်မှာက ကိုယ့်နေရာကထွက်တာ ဘာမှမှမရှိတာ။ အရင်က ကော်ဖီတစ်ထုပ်ကို ၁၀၀ အခု ၁၅၀ စျေးဖြစ်သွားတယ်။ဘာလို့ဆို ကုမ္ပဏီကစျေးတက်တော့ အမတို့လည်းတင်ရောင်းရတယ်။ ဆီ၊ ကော်ဖီထုတ်၊ သကြား၊ ခေါက်ဆွဲထုပ်၊ နို့ဆီ နဲ့ ဆေးလိပ်တွေ အများဆုံးစျေးတက်နေတယ်။”ဟု ပြောသည်။
အလားတူ ဆေးနှင့် လူသုံးကုန်ပစ္စည်းများလည်း ကုန်စျေးနှုန်းမြင့်တက်လျက်ရှိပြီး ယခုလအတွင်း ဆေးပစ္စည်းများ ၁၀ ရာခိုင်နှုန်းအထိမြင့်တက်သွားကြောင်း သိရသည်။
အခြေခံစားသောက်ကုန်ပစ္စည်းများနှင့် စျေးဝါးပစ္စည်းများ စျေးမြင့်တက်နေသော်လည်း ဆန်စျေးမှာ ငြိမ်နေပြီး အရောင်းအဝယ် နည်းနေသည်ဟုလည်း သိရသည်။
စစ်တွေမြို့မစျေးကြီးအတွင်းမှ စားသောက်ကုန်လက်လီလက်ကားရောင်းချသူ မခင်ခင်လှိုင်က "ဒီရက်ပိုင်းမှာ ကုန်စျေးနှုန်းတွေက စျေးပိုတက်လာတယ်။ ကုန်စျေးနှုန်းတက်ရတာက ဘယ်လိုပြောရမလဲ။ ဆီစျေးတွေတက်လို့ရော၊ နိုင်ငံရေးအခြေနေတွေကြောင့် စက်ရုံတွေမလည်ပတ်လို့လို့ ထင်တယ်"ဟု ပြောသည်။

ဆက်စပ် သတင်းများ