သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ဘဏ်မှငွေထုတ်ရခက်ခဲ၍ ရခိုင်ကန်ထရိုက်တာများ အခက်ကြုံ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 235

အေးမြတ်ခိုင်
နိရဥ္စရာ၊ စက်တင်ဘာလ ၂၅/၂၀၂၁
ရခိုင်ပြည်နယ်အတွင်း အစိုးရတင်ဒါ၊ ပရောဂျက်များကို လုပ်ဆောင်သည့်ကုမ္ပဏီများအနေဖြင့် တစ်ပတ်လျှင် ဘဏ်မှ ငွေ ၁၀ သိန်းသာထုတ်ယူနိုင်သည့်အတွက် အခက်အခဲများရင်ဆိုင်နေရကြောင်း မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများအသင်း(ရခိုင်ပြည်နယ်)ဥက္ကဋ္ဌ ဦးကျော်အေးမောင်က ပြောသည်။
ယင်းကဲ့သို့ အသင်းဝင်ကုမ္ပဏီများ ဘဏ်မှ ငွေထုတ်ယူရခက်ခဲသည့်အတွက် ကူညီဖြေရှင်းပေးရန် မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများအသင်း(ရခိုင်ပြည်နယ်)က ပြည်နယ်အစိုးရအဖွဲ့သို့ စက်တင်ဘာလ ၂၁ ရက်နေ့ နေ့စွဲဖြင့် စာတင် အကူအညီတောင်းခံထားကြောင်း သိရသည်။
"ကျွန်တော်တို့အသင်းဝင်ကန်ထရိုက်တာတွေက အစိုးရရဲ့ တင်ဒါတွေ၊ အစိုးရပရောဂျက်တွေကိုလုပ်နေကြတဲ့ကုမ္ပဏီတွေရှိတယ်။ အဲ့ဒီကုမ္ပဏီတွေကို အစိုးရဘက်ကငွေ ၂၅ ရာခိုင်နှုန်းဆိုပြီး ၄ ကြိမ်ခွဲပေးတာပေါ့။ ဥပမာ ပထမအရစ်ကို သိန်း ၁၀၀ ဆိုရင် အစိုးရကလည်း ထုတ်ခွင့်ပေးလိုက်ပြီးပြီ။ ဌာနကလည်း ချက်(ချက်လက်မှတ်)ရေးပေးပြီးပြီ။ မြန်မာစီးပွားရေးဘဏ်ကထုတ်တဲ့အခါမှာ တစ်ပတ်ကို ၁၀ သိန်းပဲထုတ်လို့ရတဲ့အခါကျတော့ အလုပ်လုပ်နေရတဲ့ ကုမ္ပဏီအတွက် ဝန်ထမ်းစရိတ်တွေရှင်းရမယ်၊ ကုန်ကျစရိတ်တွေရှင်းရမယ်။ အဲ့ဒါကြောင့် အင်မတန်အခက်ခဲဖြစ်ကြတယ်။ ဒါကြောင့် ခွင့်ပြုထားတဲ့ပိုက်ဆံကိုအပြည့်အဝထုတ်လို့ရအောင် တင်ပြထားတာပါ။"ဟုပြောသည်။
အသင်းဝင်ကုမ္ပဏီများအနက် ရခိုင်ပြည်နယ်မှကုမ္ပဏီများမှာ ကုမ္ပဏီအကြီးများနည်းပါးပြီး ဒေသခံတိုင်းရင်းသားလုပ်ငန်းရှင်များ၏ ကုမ္ပဏီငယ်များသာဖြစ်သောကြောင့် ပိုအခက်ခဲရှိကြောင်းပြောဆိုသည်။
"ငွေကြေးထုတ်ရတာအခက်ခဲနဲ့ဆိုရင် လုပ်ငန်းလည်ပတ်ဖို့အတွက် ပြီးစီးဖို့အတွက် နီးစပ်ရာကနေ အတိုးပေးပြီးတော့ဖြစ်ဖြစ် ယူသုံးထားရတဲ့သူတွေအများကြီးရှိတယ်။ တင်ဒါလျှောက်တုန်းက ပစ္စည်းစျေးတွေနဲ့ အခုဒေါ်လာစျေးတွေကတက်လာတော့ ပစ္စည်းစျေးတွေကလည်း တော်တော်ကွာဟသွားတဲ့အခြေနေတွေရှိတာပေါ့။ ရမဲ့ငွေနဲ့၊ ကုန်ကျမဲ့အသုံးစရိတ်နဲ့၊ ပေးရမဲ့ငွေနဲ့ဆိုရင် အလုပ်လုပ်တဲ့အခါမှာ အခက်အခဲအရမ်းရှိတယ်။"ဟုပြောသည်။
ယင်းကဲ့သို့ ကုမ္ပဏီများအဆင်မပြေသည့်အတွက် ဝန်ထမ်းနှင့် အလုပ်သမားများမှာလည်းအဆင်မပြေမှုများရှိပြီး အလုပ်အကိုင်အခွင့်လမ်းပေါလာရန် ကုမ္ပဏီငယ်များကို မြေတောင်မြှောက်ပေးသင့်ကြောင်း ဦးကျော်အေးမောင်က ဆက်ပြောသည်။
"ရခိုင်ပြည်နယ်တိုးတက်ဖို့အတွက် ဒီလို့အခွန်ဆောင်တဲ့ကုမ္ပဏီတွေက အလုပ်အကိုင်အဆင်ပြေမှ သူတို့ကိုမှီခိုပြီးစားသောက်နေကြတဲ့ ဝန်ထမ်းတွေ၊ အလုပ်သမားတွေ အဆင်ပြေမယ်။ ကိုယ့်နေရာမှာအလုပ်အကိုင်အခွင့်အလမ်းပေါဖို့အတွက် ဒီလိုကုမ္ပဏီငယ်တွေကို မြေတောင်မြှောက်ပေးဖို့လိုတယ်။"ဟု ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများအသင်း(ရခိုင်ပြည်နယ်)တွင် အသင်းဝင်ကုမ္ပဏီ ၃၅၀ ဝန်းကျင်ရှိကြောင်း ဦးကျော်အေးမောင်က ပြောသည်။
(Photo by Frontier Myanmar)

ဆက်စပ် သတင်းများ