ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

အကယ်ဒမီ အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် သိန်း ၂၀ အထိမြင့်တက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 8.4k


နှင်းနွယ်နီ
နိရဥ္စရာ၊ စက်တင်ဘာ ၂၇/ ၂၀၂၁
အာဏာသိမ်းပြီးနောက်ပိုင်း ရွှေစျေးကွက် တည်ငြိမ်မှုမရှိဖြစ်နေသည့် မြန်မာနိုင်ငံတွင် အကယ်ဒမီ မီးလင်းအခေါက်ရွှေတစ်ကျပ်သားကို ငွေကျပ် သိန်း ၂၀ အထိ စံချိန်တင်မြင့်တက်နေကြောင်း သိရသည်။
စစ်တွေတွင် ယနေ့ စက်တင်ဘာလ ၂၇ ရက်တွင် အကယ်ဒမီ မီးလင်းအခေါက်ရွှေ (၁၆ ပဲရည်ရွှေ)အဖွင့်စျေးမှာ ၁၉ သိန်း ၆ သောင်းနှင့်ဖွင့်ခဲ့သော်လည်း မွန်းတည့် ၁၂ နာရီစျေးကွက်တွင် ကျပ်သိန်း ၂၀ အထိ စံတင်ချိန်တင်မြင့်တက်နေသည်ဟု ရွှေဆိုင်ပိုင်ရှင်များက ပြောသည်။
“ရွှေစျေးက ရန်ကုန်မှာ ၁,၉၉၂,၀၀၀ ဆိုတော့ စစ်တွေမှာ သိန်း ၂၀ ပေါ့။ ဒေါ်လာစျေးတက်တဲ့အတွက် ရွှေစျေးက တက်ပါတယ်”ဟု စစ်တွေရှိ သိဒ္ဓိအောင်ရွှေဆိုင်မှ ကိုကျော်မျိုးသန့်က နိရဥ္စရာ သတင်းဌာနသို့ပြောသည်။
ယခုကဲ့သို့ ရွှေစျေးမြင့်တက်နေသည့်အတွက် စစ်တွေတွင် ရွှေဝယ်သည့်သူနည်းနေပြီး ရန်ကုန်သို့သာ ပြန်တင်ရောင်းနေရကြောင်းနှင့် ရောင်းသူ၊ ပေါင်သူများသာရှိကြောင်း သူက ဆက်ပြောသည်။
“ ဒီမှာက အရောင်းအဝယ်ပါးပါတယ်။ ရန်ကုန်ကိုပဲ ပြန်တင်နေရပါတယ်။ ဒီမှာဝယ်သူမရှိတဲ့အတွက် ရန်ကုန်ကိုပဲ ပြန်တင်ပြီးတော့ရောင်းနေရပါတယ်။ ပေါက်စျေးအတိုင်း ရပါတယ်၊ ၁၉ သိန်းဆိုရင် ၁၉ သိန်းရပါတယ်။ ရန်ကုန်မှာက အရောင်းအဝယ်ရှိတယ်။ စစ်တွေမှာက ရောင်းသူ၊ ပေါင်သူပဲရှိပါတယ်”ဟု ပြောသည်။
ယခုနှှစ် သြဂုတ်လ ၁၆ ရက်နေ့က အကယ်ဒမီအခေါက်ရွှေ (၁၆ ပဲရည်ရွှေ)တစ်ကျပ်သားကို ၁၇ သိန်းဝန်းကျင်သာရှိခဲ့သည်။
ယခုလ စက်တင်ဘာလ ၇ ရက်နေ့တွင်မူ ၁၆ ပဲရည်ရွှေတစ်ကျပ်သားကို ငွေကျပ် ၁၈ သိန်းကျော်ရှိခဲ့ပြီး စက်တင်ဘာလ ၁၀ ရက်နေ့တွင် ငွေကျပ် ၁၈ သိန်းခွဲ၊ စက်တင်ဘာလ ၁၁ ရက်နေ့တွင် ၁၉ သိန်း ၁ သောင်းနှင့် ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ကျပ်သိန်း ၂၀ အထိမြင့်တက်ခဲ့ကာ စက်တင်ဘာ တစ်လတည်းအတွင်း ကျပ် ၂ သိန်းအထိ စံချိန်တင်မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ဆက်စပ် သတင်းများ