ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

စက်သုံးဆီစျေးနှုန်းများ စံချိန်တင်မြင့်တက်နေ၍ လက်လုပ်လက်စားများ အခက်တွေ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 3.1k

ချစ်အိိလှိုင်
နိရဥ္စရာ၊ စက်တင်ဘာ ၂၇/၂ဝ၂၁
စက်သုံးဆီစျေးနှုန်းများ စံချိန်တင်မြင့်တက်နေ၍ အခြေခံလက်လုပ်လက်စားများ အခက်တွေ့နေရကြောင်း သတင်းရရှိသည်။
ယနေ့ စက်တင်ဘာလ ၂၇ ရက်တွင် စစ်တွေမြို့၊ အဝေးပြေးကားဂိတ်အနီး ရွှေရိုးမဆီဆိုင်ကြီး၌ အောက်တိန်း(95) တစ်လီတာကို ၁၅၅ဝ ကျပ်၊ အောက်တိန်း(92)တစ်လီတာကို ၁၅ဝဝ ကျပ်၊ ပရီမီယာတစ်လီတာကို ၁၅ဝဝ ကျပ်နှင့် ဒီဇယ်တစ်လီတာကို ၁၄၉ဝ ကျပ်အထိ စံချိန်တင်မြင့်တက်နေကြောင်း ၄င်းစက်သုံးဆီအရောင်းဆိုင်မှ သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလမတိုင်မီက စက်သုံးဆီ တစ်လီတာလျှင် ကျပ် ၁ ထောင်ဝန်းကျင်ခန့်သာရှိခဲ့သော်လည်း ယခုအခါ ဒေါ်လာစျေးများမြင့်တက်လာမှုနှင့်အတူ ဆီစျေးနှုန်းများလည်း အဆမတန်မြင့်တက်လာနေခြင်းဖြစ်သည်။
စစ်တွေမြို့နယ် တောကန်ကျေးရွာမှ သုံးဘီဆိုင်ကယ်မောင်းသူ ကိုနေလင်းထွန်းက “ဒီထက်သာ ဆီစျေးတက်လာရင် ကျွန်တော်ယာဉ်မောင်းတာကို ရပ်လိုက်ဖို့စဉ်းစားထားပါတယ်။ ကုန်စျေးနှုန်းတွေကတက်ရတဲ့အထဲ အလုပ်အကိုင်ကလည်းရှားသွားပြီ။ ဘယ်လိုလုပ်ရမလဲမသိတော့ဘူး” ဟုပြောသည်။
အလားတူ ပြင်ပရှိ စက်သုံးဆီအရောင်းဆိုင်ငယ်များတွင် ပြင်ပပေါက်စျေး အောက်တိန်း(92)တစ်လီတာကို ၁၈ဝဝ ကျပ်အထိ စျေးရှိနေကြောင်း စက်သုံးဆီ သုံးစွဲသူများက ပြောသည်။
စစ်တွေမြို့ခံ မရွှေအိမ်မှူးက “ညီမမနက်က ဆိုင်ကယ်ဆီပြတ်လို့ လမ်းမပေါ်ကဆီဆိုင်တစ်ဆိုင်မှာ ဆီဝင်ဖြည့်တာ ထောင့်ရှစ်ရာဆိုလို့ တစ်လီတာအပြည့်မထည့်နိုင်ဘဲ တစ်ပိုင်းပဲထည့်ခဲ့ရတယ်” ဟုပြောသည်။
ရခိုင်ပြည်နယ်ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးသန်းရွှေက ဆီစျေးနှုန်းများမှာ တစ်ဆိုင်နှင့်တစ်ဆိုင် စျေးနှုန်းတူညီမည်မဟုတ်ဘဲ နိုင်ငံခြားမှတိုက်ရိုက်တင်သွင်းသည့်ကုမ္ပဏီများမှအပ ကျန်သည့် စက်သုံးဆီဆိုင်များတွင် စျေးနှုန်းနောက်ထပ်တစ်ခုဖြစ်နေမည်ဟု ပြောသည်။
“နိုင်ငံခြားက ကိုယ်တိုင်တင်သွင်းတဲ့လူတွေမှာ ကိုယ်ပိုင်ဆိုင်လည်းရှိမယ်ဆိုရင် အဲလိုအထူးအခွင့်အရေးရမှာပေါ့။ နိုင်ငံတော်က ဒေါ်လာကို သတ်မှတ်တဲ့စျေးနှုန်းနဲ့ ရောင်းပေးတယ်လေ။ ဒါပေမဲ့ ကျွန်တော်တို့လိုသလိုမျိုးတော့ မရောင်းပေးဘူးပေါ့ အဲဒီဆိုင်တွေကလေ။” ဟုပြောသည်။
ရခိုင်ပြည်နယ်တွင် စက်သုံးဆီတင်သွင်း၊ ရောင်းချခွင့်ကို အထူးစျေးနှုန်းဖြင့်ရရှိထားသည့်ဆိုင်မှာ ကျော်ဇံ စက်သုံးဆီဆိုင်တစ်ခုတည်းသာရှိကြောင်း သူက ဆက်ပြောသည်။
စစ်တွေမြို့မှ ကျော်ဇံစက်သုံးဆီဆိုင်ကြီးတွင် ပရီမီယာတစ်လီတာကို ၁၂၉ဝ ကျပ်၊ ဒီဇယ်တစ်လီတာကို ၁၂ဝ၂ ကျပ်၊ အောက််တိန်း(92)တစ်လီတာကို ၁၂၁၂ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိနေကြောင်း ယနေ့ထုတ် နိုင်ငံပိုင်မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

ဆက်စပ် သတင်းများ