အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

ရခိုင်တွင် စက်သုံးဆီပြတ်တောက်မည်ကို စက်သုံးဆီလုပ်ငန်းရှင်များစိုးရိမ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 2.8k

ချစ်အိလှိုင်
နိရဥ္စရာ၊ စက်တင်ဘာ ၃ဝ/ ၂ဝ၂၁
စက်သုံးဆီစျေးနှုန်းများ အဆမတန်မြင့်တက်လာမှုကြောင့် ရခိုင်တွင် စက်သုံးဆီပြတ်တောက်မည်ကို စိုးရိမ်နေသည်ဟု ရခိုင်ပြည်နယ်ဆီလုပ်ငန်းရှင်များအသင်း ဒု-ဥက္ကဋ္ဌ ဦးအောင်ထိုက်က နိရဥ္စရာအား ပြောသည်။
“ဆီစျေးတက်တာထက် ဆီဝယ်လို့မရမှာကို စိုးရိမ်တဲ့အနေအထားတစ်ခုကို မနေ့ကဆိုရင် အဲဒီအခြေအနေထိရောက်သွားတယ်။ တစ်လီတာနှစ်ထောင်ကို ပြဿနာမရှိဘူး၊ ဝယ်မယ်ဆိုရင်တောင် ဘယ်သူမှ မရောင်းဘူး” ဟုပြောသည်။
ယင်းအပြင် ယခုမြင့်တက်နေသည့်စက်သုံးဆီစျေးနှုန်းများသည် ၃ နှစ်အတွင်း အမြင့်ဆုံးစံချိန်အဖြစ်မြင့်တက်နေခြင်းဖြစ်ပြီး ယခုလတွင် အဆိုးဆုံးမြင့်တက်နေသည်ဟုလည်း သူက ဆက်ပြောသည်။
“ကမ႓ာ့ရေနံစိမ်းလဲလှယ်နှုန်းက သုံးနှစ်အတွင်းမှာ အမြင့်ဆုံးဖြစ်သွားတယ်။ ကျွန်တော်တို့ဆီမှာလည်း သုံးနှစ်အတွင်းမှာ ဒီစျေးနှုန်းကို မကြားဖူးဘူး။ သုံးနှစ်အတွင်းမှာတောင် ဒီလက အဆိုးဆုံးလပါ။ ရာခိုင်နှုန်းတောင်တွက်မရဘူး” ဟုပြောသည်။
စက်သုံးဆီစျေးနှုန်းများအဆမတန်မြင့်တက်နေသည့်အတွက် ရန်ကုန်မြို့မှ ဆီတင်သွင်းသည့်နေရာများတွင်လည်း ဆီဝယ်ယူရန် တိုးဝှေ့ကြရသည်ဟုလည်း ပြောသည်။
သို့ရာတွင် ယနေ့ နံနက်က ဆီစျေးကွက်အား စုံစမ်းရာ အနည်းငယ်ပြန်ကျလာနိုင်ကြောင်း သုံးသပ်ပြောဆိုနေကြသည်ဟုလည်း သူက ဆက်ပြောသည်။
စစ်တွေအပါအဝင် ရခိုင်ပြည်နယ်ရှိမြို့နယ်အများအပြားတွင်လည်း ယခုလအတွင်း စက်သုံးဆီစျေးနှုန်းများ မြင့်တက်လျက်ရှိပြီး တစ်မြို့နှင့် တစ်မြို့ စျေးနှုန်းကွာခြားမှုများရှိနေကြောင်း ဒေသခံများက ပြောသည်။
မာန်အောင်မြို့မှ သုခစံဆီဆိုင်ပိုင်ရှင် ဦးတင်ဝင်းက “အရင်တုန်းက နိုင်တီတူးက တစ်ဂါလံခြောက်ထောင့်ငါးရာကို အခု တစ်သောင်းဖြစ်သွားပြီ။ ရေရှည်လုပ်ရမှာက မလွယ်ဘူး။ ကျွန်တော်တို့ အရောင်းအဝယ်သမားတွေ ရှုံးတာပေါ့။ ကိုယ်ရောင်းနေတဲ့စျေးနဲ့ ဟိုမှာ ဝယ်ရတဲ့စျေးနဲ့ လိုက်လို့မမီတော့ဘူးလေ” ဟု ပြောသည်။
သံတွဲမြို့ စင်တော်ကောက်ဆီဆိုင်တွင် ဒီဇယ်တစ်လီတာကို ၁၉၃ဝ ကျပ်၊ ပရီမီယာ တစ်လီတာကို ၁၉၄၅ ကျပ်၊ အောက်တိန်း (92)တစ်လီတာကို ၁၉၅ဝ ကျပ်နှင့် အောက်တိန်း(95)တစ်လီတာကို ၂ဝဝ၅ ကျပ်တို့ အသီးသီးရှိနေပြီး ပြင်ပစက်သုံးဆီဆိုင်များတွင် အောက်တိန်း(92)တစ်လိိီတာကို ကျပ် ၂၅ဝဝ ခန့်ရှိနေကြောင်း မြို့ခံများက ဆိုသည်။
သံတွဲမြို့ခံ ကိုဇွဲထက်မာန်က “အရင်က တစ်ထောင်ဖိုးဆိုရင် တစ်လီတာရေသန့်ဗူးနဲ့အပြည့်ရတယ်။ အခု တစ်ထောင်ဖိုး ဗူးထက်ဝက်ထက် နည်းတဲ့ဆီပဲ ရတယ်။ ဆိုင်ကယ်စီးချင်စိတ်တောင်မရှိတော့ဘူး။ ဆီဖိုးမနိုင်တော့လို့။ သုံးဘီးသမားတွေကတော့ ခရီးသည်ခ စျေးပိုယူနေကြတယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် အစိုးရထံမှ ဆီတင်သွင်းရောင်းချခွင့်တိုက်ရိုက်ရရှိထားသည့် စစ်တွေမြို့ရှိ ကျော်ဇံဆီဆိုင်တွင် ယမန်နေ့က အောက်တိ်န်း (92) တစ်လီတာကို ၁၂၁၂ ကျပ်မှ ယနေ့ ၁၅၈၅ ကျပ်၊ အောက်တိန်း(95) တစ်လီတာကို ၁၄၄ဝ ကျပ်မှ ၁၆၆ဝ ကျပ်၊ ပရီမီယာ တစ်လီတာကို ၁၂ဝ၉ ကျပ်မှ ၁၅ဝဝ ကျပ်နှင့် ဒီဇယ် တစ်လီတာကို ၁၂ဝ၂ ကျပ်မှ ယနေ့ ၁၅၈၅ ကျပ်အထိ မြင့်တက်သွားကြောင်း သိရသည်။
၄င်းအပြင် စစ်တွေမြို့မှ ရွှေရိုးမဆီဆိုင်တွင် ယနေ့ စက်တင်ဘာ ၃ဝ ရက်တွင် အောက်တိန်း(92) တစ်လီတာကို ကျပ် ၂ဝဝဝ ၊ အောက်တိန်း (95) တစ်လီတာကို ကျပ် ၂ဝ၅ဝ၊ ပရီမီယာ တစ်လီတာကို ကျပ် ၂ဝဝဝ နှင့် ဒီဇယ်တစ်လီတာကို ကျပ် ၁၉၉ဝ ဖြင့် စျေးမြင့်တက်နေကြောင်း သိရသည်။

ဆက်စပ် သတင်းများ