သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

စစ်တွေရှိ May Yu Shopping Complex တည်ဆောက်မှု ၈၅ ရာခိုင်နှုန်းအထိဆောက်လုပ်ပြီးစီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 4.3k

သန္တာကျော်ဇော
နိရဥ္စရာ၊ စက်တင်ဘာ ၅ /၂၀၂၁
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်တွင် May Yu Shopping Complex တည်ဆောက်နေမှုသည် လက်ရှိတွင် ၈၅ ရာခိုင်နှုန်းအထိဆောက်လုပ်ပြီးစီးနေပြီဟု သတင်းရရှိသည်။
အဆိုပါ May Yu Shopping Complex ကို ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်မှစတင်ကာ ၂ နှစ်ခွဲအတွင်းအပြီးတည်ဆောက်ရန် လျာထားခဲ့သော်လည်း စစ်ရေး၊ နိုင်ငံရေးနှင့် ကိုဗစ်ကပ်ဘေးတို့ကြောင့် ယခုကဲ့သို့ ပြီးစီးရန် အချိန်ကြန့်ကြာနေရခြင်းဖြစ်သည်ဟု တာဝန်ယူဆောက်လုပ်နေသည့် Western Shining Star ဆောက်လုပ်ရေးကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးတင်အောင်ဦးက နိရဥ္စရာသို့ ပြောသည်။
“အခုက ကိုဗစ်ကြောင့်တစ်မျိုး၊ ငွေကြေးစီးဆင်းတာတွေ ကျပ်တည်းသွားတာကြောင့်လည်း တစ်မျိုး၊ နောက်ပစ္စည်းတွေ ဝယ်ရခက်သွားတာကြောင့်လည်း တစ်မျိုး၊ ဘက်ပေါင်းစုံကအခက်အခဲဖြစ်နေတယ်။ ဒါပေမဲ့ အမြန်ဆုံးပြီးစီးအောင်တော့ လုပ်နေပါတယ်။” ဟု ပြောသည်။
လက်ရှိဖြစ်နေသည့်အခက်အခဲအကျပ်အတည်းများပြေလည်၍ အင်တိုက်အားတိုက် လုပ်မည်ဆိုပါက နောက်ထပ် ၆ လအတွင်းပြီးစီးနိုင်သည်ဟုလည်း ဦးတင်အောင်ဦးက ဆက်ပြောသည်။
“ပစ္စည်းတွေ တော်တော်များများကတော့ ရောက်ပြီးသားရှိတယ်။ နိုင်ငံခြားကမှာထားတဲ့ တချို့ပစ္စည်းတွေကတော့ မရောက်နိုင်သေးဘူး။ ကြားထဲမှာလည်း ငွေကြေးကမောက်ကမတွေလည်း ဖြစ်သွားတော့ နောက်ကျသွားတာ။ ဒါပြီးသွားရင်တော့ မြို့အတွက်လည်း ရည်မှန်းချက်အများကြီးထားပြီး လုပ်ခဲ့တာပေါ့။” ဟုပြောသည်။
May Yu Shopping Complex ကို ၂ဝ၁၇ ခုနှစ်၊ မတ်လ ၁၄ ရက်တွင် စတင်ပန္နက်ရိုက်ကာ ၃ ထပ်အဆောက်အဦအဖြစ် တည်ဆောက်နေခြင်းဖြစ်သည်။
မြေညီထပ်တွင် စျေးဆိုင်ခန်းများ၊ Super Market များပါဝင်မည်ဖြစ်ပြီး ပထမထပ်တွင် ရုပ်ရှင်ရုံများပါဝင်မည်ဖြစ်သည်။ အပေါ်ဆုံးအထပ်တွင် အလှပြင်ဆိုင်၊ အားကစားခန်းမ၊ ကလေးကစားကွင်း၊ အပန်းဖြေနိုင်မည့်ဆိုင်ခန်းများနှင့် စားသောက်ဆိုင်များပါဝင်မည်ဟုလည်း သိရသည်။
ယခင်မေယုစျေးအဟောင်းအားဖြိုဖျက်ကာ ကျပ်သိန်းပေါင်း ၇ သောင်းခန့်အကုန်အကျခံတည်ဆောက်နေခြင်းလည်းဖြစ်သည်။
ယခင်မေယုစျေးဟောင်းတွင် ရောင်းချခဲ့သည့် ဆိုင်ခန်းပေါင်း ၁၄၄ ခန်းကိုလည်း မူလအကျယ်အဝန်းအတိုင်း အခကြေးငွေမယူဘဲ ပေးအပ်ရန် ဆိုင်ခန်းပိုင်ရှင်များနှင့် ကုမ္ပဏီတို့ သဘောတူလက်မှတ်ရေးထိုးထားကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါဆိုင်ခန်းများမှာ လောကာနန္ဒာစေတီအနီးရှိ ယာယီစျေးတွင် ပြောင်းရွှေ့ရောင်းချနေရသည်ဟု သိရသည်။
ဆိုင်ခန်းပိုင်ရှင်မနီလာဌေးက “အရင်ပြီးစေချင်တဲ့ စိတ်ရှိတယ်။ အဲဒါပြီးမှလည်း ရောင်းချရတာပိုအဆင်ပြေမှာ။ ဆို်င်ခန်းကျယ်ကျယ်ဝန်းဝန်းနဲ့ ရောင်းချနိုင်မှာ။ အခုဒီမှာက နေရာကိုလည်း လူသိနည်းတော့လေ။ Shopping mall အမြန်ဆုံးဖွင့်စေချင်ပါတယ်။” ဟုပြောသည်။
လက်ရှိတွင် အဆိုပါ May Yu Shopping Complex အတွင်း ဓာတ်လှေကား ၂ စင်းနှင့် စက်လှေကား ၄ စင်းကိုလည်း တပ်ဆင်ထားပြီဖြစ်ပြီး ရှိဆိုင်ခန်းအများအပြားလည်း တည်ဆောက်ပြီးစီးနေပြီဖြစ်သည်ဟု သိရသည်။
ဓာတ်ပုံ - May Yu Shopping Complex တည်ဆောက်နေမှု ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်၊ ဇွန်လအတွင်းတွေ့ရစဉ်။


ဆက်စပ် သတင်းများ