အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းစက်မှုဇုန်ကိုအကောင်အထည်ဖော်ရန် ပြည်နယ်ကောင်စီ ပြောဆိုလာပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 8.4k

မာန်ယုကျော် (ရွှေဝမြေ)

စစ်တွေ၊ အောက်တိုဘာ ၈ / ၂ဝ၂ဝ

သမ္မတ ဦးသိန်းစိန်လက်ထက်ကတည်းက အကောင်ထည်ဖော်ရန် စီစဉ်ခဲ့ပြီး လက်ရှိ အချိန်ထိ ဘာတစ်ခုမှ လုပ်ဆောင်မှုမရှိသေးသည့် ပုဏ္ဏားကျွန်းစက်မှုဇုန်ကို ပြန်လည် အကောင်အထည်ဖော်နိုင်ရန်အတွက် ရခိုင်ပြည်နယ် ကောင်စီက နေပြည်တော် နစကကောင်စီထံသို့ အထူးကိစ္စတစ်ရပ်အနေဖြင့် ဦးစားပေးတင်ပြထားသည်ဟု ပြည်နယ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက ထုတ်ဖော်ပြောကြားလိုက်သည်။

ယနေ့ အောက်တိုဘာ ၈ ရက် ညနေ ၃ နာရီခွဲခန့်က ရခိုင်ပြည်နယ်ဥပဒေချုပ်ရုံးအစည်းအဝေးခန်းမတွင် စစ်တွေရှိသတင်းထောက်များနှင့်တွေ့ဆုံစဉ် ဦးလှသိန်းက ယခုကဲ့သို့ပြောဆိုသွားခြင်းဖြစ်သည်။

အခုတော့ အထူးကိစ္စတစ်ရပ်အနေနဲ့ ဦးစားပေးပြီးတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို တင်ပြထားပါတယ်။ ပုဏ္ဏားကျွန်းစက်မှုဇုန်ခွင့်ပြုပြီဆိုလို့ရှိရင် ကျနော်တို့ Developer တွေရှာရမှာဖြစ်ပါတယ်။ သတင်းစာထဲက လေလံခေါ်ပါမယ်။ လေလံရပြီးတော့မှ အဲဒီ Developer နဲ့ စက်မှုဇုန်ကို အကောင်အထည်ဖော်ရမှာဖြစ်ပါတယ်ဟု ပြောသည်။

ဒေသတွင်းပြည်သူများအလုပ်အကိုင်အခွင့်အလမ်းရရှိစေရေးအတွက် ဦးစားပေးအဆင့်အဖြစ် အသည်းအသန်ဆောင်ရွက်နေခြင်းဖြစ်သည်ဟုလည်း ဦးလှသိန်းက ပြောသည်။

လောလောဆယ် ၅ ဧကကတော့ အကောင်အထည်ဖော်လို့ရမယ်ဆိုရင် မြန်နိုင်သမျှမြန်အောင် အဲဒီ ၅ ဧကသေးသေးလေးမှာ အထည်ချုပ်စက်ရုံထည့်လို့ရရင် ထည့်ပစ်လိုက်မယ်။ အဲလိုလုပ်မှာ။ ဟိုးလို အကြီးကြီးတွေမဟုတ်ဘဲ ရရင် ရသလောက်ကနေ လုပ်သွားမယ်ဆိုတဲ့စိတ်ကူးရှိတာပေါ့။ဟု ပြောသည်။

ပုဏ္ဏားကျွန်းစက်မှုဇုန်ကို ပုဏ္ဏားကျွန်းမြို့အနောက်ဘက်ရှိ ရေပေါက်ချောင်းကျေးရွာအနီးတွင်တည်ဆောက် ရန်သတ်မှတ်ထားခြင်းဖြစ်သည်။

စက်မှုဇုန်မြေနေရာအတွင်း ရေပေါက်ချောင်းကျေးရွာအပါအဝင် နတ်ဆိပ်ကျေးရွာ၊ မင်းဂံကျေးရွာ၊ တန်းစွယ်ကျေးရွာနှင့် ယာချောင်းကျေးရွာများမှ လယ်မြေများပါဝင်သွားခဲ့သည်ဟု သိရသည်။

စက်မှုဇုန်တစ်ခုလုံး၏ဧရိယာမှာ ဧက ၂၅ဝဝ အထက်တွင်ရှိသည်ဟုလည်း ဦးလှသိန်းက ပြောသည်။

အဆိုပါစက်မှုဇုန်ကို ဦးသိန်းစိန်အစိုးရ လက်ထက်ဖြစ်သည့် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်တွင် စတင်အကောင်အထည်ဖော်ရန် ရခိုင်ပြည်နယ် ဒေသအသီးသီးမှ ကုမ္ပဏီ ၁၇ ခုဖြင့်ဖွဲ့စည်းထားသည့် မြန်မာ့ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကုမ္ပဏီ (MKSH)နှင့် နားလည်မှုစာချွန်လွှာထိုးကာ စီစဉ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါစက်မှုဇုန်ကို ကျပ်သန်းပေါင်း ၇ သောင်းကျော် အကုန်အကျခံကာ အထည်ချုပ် စက်ရုံ၊ နို့ဆီချက်စက်ရုံ၊ ဆန်ကြိတ်ဖွတ်စက်ရုံနှင့် ရေချိုသားပေါက်စခန်းစက်ရုံ၊ အအေးခန်းစက်ရုံတို့အပါအဝင် စက်ရုံပေါင်း ၃ဝ ကျော်ခန့်ပါဝင်တည်ဆောက်မည်ဟုလည်း ဦးသိန်းစိန်အစိုးရက ထုတ်ပြန်ခဲ့သည်။

သို့သော် အကြောင်းအမျိုးမျိုးကြောင့် စက်မှုဇုန်ကို အကောင်အထည်ဖော်နိုင်ခြင်းမရှိခဲ့ဟု သိရသည်။

ယင်းနောက် NLD အစိုးရလက်ထက်တွင် အဆိုပါစက်မှုဇုန်စီမံကိန်းကိုအကောင်အထည်ဖော်ရန် ဒုတိယအကြိမ်အဖြစ် ရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်ရန်စီစဉ်နေပြီဟု ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂ဝ ရက်က ရန်ကုန်မြို့၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ပြောကြားခဲ့သော်လည်း အကောင်အထည်ဖော်နိုင်ခြင်း မရှိခဲ့ပါ။

ယခု နစကကောင်စီလက်ထက်တွင် အဆိုပါစက်မှုဇုန်ကိုအကောင်အထည်ဖော်ရန် တတိယအကြိမ် ထပ်မံ စီစဉ်နေခြင်းဖြစ်သည်။

ဆက်စပ် သတင်းများ