သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

တောင်ကုတ်ဆိပ်ကမ်းမှ ဘင်္ဂလားဒေ့ရှ်သို့ ကုန်သင်္ဘောများ အပတ်တိုင်းထွက်နိုင်ရန် စီစဉ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 7.1k

မြထွီးသျှင်
နိရဥ္စရာ၊ အောက်တိုဘာ ၁၁/ ၂၀၂၁
ရခိုင်နယ်စပ်ကုန်သွယ်ရေးကိုပြန်ဖွင့်ခွင့်ရသည်နှင့် တောင်ကုတ်ဆိပ်ကမ်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနာ့ဖ်ဆိပ်ကမ်းသို့ ကုန်တင်သင်္ဘောများ အပတ်တိုင်းထွက်နိုင်ရန် နေလသစ္စာကုမ္ပဏီက စီစဉ်နေသည်ဟု သတင်းရရှိသည်။
ထိုသို့ကုန်တင်သင်္ဘောမျာအပတ်တိုင်းထွက်မည့်အစီအစဉ်ကို ရခို်င်နယ်စပ်ကုန်သွယ်ရေးစခန်းများပြန်ဖွင့်လျှင် စတင်မည်ဖြစ်ပြီး ကုန်သည်များနှင့် သင်္ဘောများမှာလည်း အဆင်သင့်ရှိနေပြီဖြစ်ကြောင်း ထိုအစီအစဉ်ကို အကောင်အထည်ဖော်နေသည့် တောင်ကုတ်မြို့မှ နေလသစ္စာကုမ္ပဏီဥက္ကဋ္ဌ ဦးကျောက်တောင်က နိရဥ္စရာသို့ပြောသည်။
“သင်္ဘောတွေရော၊ ကုန်သည်တွေရော၊ ကျနော်တို့ရော အကုန်အဆင်သင့်ဖြစ်နေပါပြီ။ နယ်စပ်ကုန်သွယ်ရေးပြန်စဖွင့်တာနဲ့ စထွက်ဖို့အတွက်ပေါ့နော်။ သင်္ဘောတွေကတော့ ကျနော့်ကိုယ်ပိုင် ၆ စီးလောက်ရှိတယ်ပေါ့နော်။ နောက်ထပ်လိုအပ်လာရင်လည်း ကျနော့်မိတ်ဆွေတွေဆီက ယူသုံးလို့လည်းရတယ်”ဟု ပြောသည်။
ထို့အပြင် တင်ပို့မည့်ကုန်ပစ္စည်းအရေအတွက်အလိုက် သင်္ဘောအရွယ်အစားကိုက်ညီစွာသတ်မှတ်ကာ တင်ပို့သွားမည်ဖြစ်သည့်အတွက် ကုန်သည်များအတွက်လည်း နစ်နာမှုနည်းပါးမည်ဖြစ်ပြီး တန်ချိန် ၈၀ မှ ၂,၀၀၀ အထိ တင်နိုင်သည့် သင်္ဘောများရှိကြောင်း သူက ဆက်ပြောသည်။
တောင်ကုတ်ဆိပ်ကမ်းမှတဆင့် ဘင်္ဂလားဒေ့ရှ်တက္ကနာဖ်ဆိပ်ကမ်းကို ရောက်ရှိရန် မောင်းနှင်ချိ်န် ၁၉ နာရီခန့်သာရှိသော်လည်း တောင်ကုတ်မှ စစ်တွေသို့တဆင့် စစ်ဆေးခံရန်သွားရသည့်အတွက် တစ်ညအိပ်သွားရမည်ဖြစ်ကြောင်း သိရသည်။
ကုန်ပစ္စည်းများတင်ပို့ရန်အတွက် ကုန်သည်များလုပ်ဆောင်ရန်လိုအပ်ချက်များမှာ မိမိတင်ပို့မည့် ကုန်ပစ္စည်းတွင် ကုန်ပစ္စည်းအမှတ်အသားများပါရန်၊ တရားဝင်ခွင့်ပြုထားသော စားသောက်ကုန်များဖြစ်ရန်နှင့် ကုန်ပစ္စည်းပိုင်ရှင်၏ မူးယစ်ဆေးဝါးကင်းစင်ကြောင်း အာမခံချက်ပါရန်လိုအပ်ကြောင်းလည်း သိရသည်။
လက်ရှိတွင် အဓိကတင်ပို့မည့် စားသောက်ကုန်များမှာ ကြက်သွန်နှင့် ဂျင်းတို့ဖြစ်ပြီး အညာဒေသ၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့ဘက်မှ စားသောက်ကုန်များကိုလည်း တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။
တောင်ကုတ်ဆိပ်ကမ်းမှတဆင့် ရခိုင်ပြည်နယ်အပြင် အညာဒေသထွက်သီးနှံများကိုလည်း ကုန်သည်ငယ်များမှ တပိုင်တနိုင်တင်ပို့ရန် ထည့်နိုင်ကြောင်းကိုလည်း ဦးကျောက်တောင်က ဆက်ပြောသည်။
“နယ်စပ်ကုန်သွယ်ရေးရှိပေမဲ့ ကုန်သည်ကြီးတွေပဲ အလုပ်လုပ်လို့ရတယ်။ ကိုယ့်မှာထွက်တဲ့ တန်ချိန် ၁၀ တန် လောက်ပဲရှိတဲ့ ပစ္စည်းကိုတင်ပို့မရဘူး။ အခုကျနော်တို့လုပ်လိုက်တာက တန်ချိန်ဘယ်လောက်နည်းနည်း ၊ ကိုယ်တတ်နိုင်သလောက် ကျနော်တို့ဆီမှာ စုပေါင်းပြီးတင်ပို့လို့ရတဲ့အတွက် ကုန်သည်ငယ်တွေအတွက်များကြီး အဆင်ပြေတယ်”ဟု ပြောသည်။
တောင်ကုတ်ဆိပ်ကမ်းမှ ထွက်မည့်သင်္ဘောများသည် စစ်တွေရှိ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းတွင် အစစ်ဆေးခံပြီးမှသာ ဘင်္ဂလားဒေ့ရှ်ကို ထွက်ခွာနိုင်မည်ဖြစ်ပြီး တစ်ပတ်တွင် အနည်းဆုံးတစ်ရက်ထွက်ခွာနိုင်အောင် စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်ကုန်သည်ကြီးများအသင်းမှ ကိုသန်းထွန်းကလည်း “ပိုပြီးတော့ ကောင်းသွားတာပေါ့နော်။ ကုန်သည်ငယ်တွေအတွက် အများကြီးလည်း ကုန်ကျမှုမရှိတော့ဘူးပေါ့။ အခုက နယ်စပ်ကုန်သွယ်ရေးလုပ်ရင် သင်္ဘောတွေ စင်းလိုက်ငှားပြီးလုပ်နေကြရတာဆိုတော့ ဒီလိုမျိုး အစီအစဉ်နဲ့ဆိုရင်တော့ ပိုအဆင်ပြေသွားမှာပေါ့” ဟုပြောသည်။
တောင်ကုတ်ဆိပ်ကမ်းမှ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ခွာမည့်ကုန်သင်္ဘောများသည် လိုင်းသင်္ဘောများအဖြစ် ပထမဆုံးအကြိမ်စတင်ပြေးဆွဲမည့်သင်္ဘောများဖြစ်သည်ဟုလည်း သိရသည်။
ရခိုင်မှ နယ်စပ်ကုန်သွယ်ရေးကို ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်မှစတင်ကာ ကိုဗစ်ကပ်ရောဂါကြောင့် ပိတ်ထားရသည်။
လက်ရှိတွင် ကိုဗစ်ရောဂါဖြစ်ပွားမှုလျော့ကျလာပြီဖြစ်၍ နယ်စပ်ကုန်သွယ်ရေးကိုပြန်ဖွင့်နိုင်သည့်အနေအထားရောက်လာပြီဖြစ်သည့်အတွက် ပြန်ဖွင့်ခွင့်ပြုရန် နစကကောင်စီသို့တင်ပြထားသည်ဟုလည်း ပြည်နယ်ကောင်စီပြောခွင့်ရသူ ဦးလှသိန်းက ပြီးခဲ့သည့်ရက်ပိုင်းက စစ်တွေမှ သတင်းထောက်များကို ပြောဆိုထားသည်။
Photo - U Kyauk Taung

ဆက်စပ် သတင်းများ