သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

စျေးကွက်ပျက်နေသည့် ရခိုင်ဆားလုပ်ငန်း ပြန်လည်ဦးမော့လာရန်အရင်းအနှီးထောက်ပံ့ပေးရန်လို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 5.2k

သဥ္ဇာနွယ်
နိရဥ္စရာ၊ အောက်တိုဘာ ၂၂ / ၂၀၂၁
ရခိုင်ပြည်နယ်တွင် စျေးကွက်ပျက်နေသည့်ဆားလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရန် ဆားလုပ်ငန်းရှင်များကို အရင်းအနှီးအထောက်ပံ့ပေးရန် လိုအပ်နေသည်ဟု ပြည်နယ်ဆားလုပ်ငန်းဦးစီးမှူး ဦးသန်းမြင့်က နိရဥ္စရာကိုပြောသည်။
ရခိုင်တွင် ဆားလုပ်ငန်းတွင်ကျယ်စေရန် ဆားလုပ်ငန်းကိုမှီခိုအားထားနေရသော တောင်သူလယ်သမားများကို လိုအပ်သော အထောက်အပံ့များနှင့် အရင်းအနှီးများကို ပြည်နယ်အစိုးရနှင့် ပြည်နယ်ဆားလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်းဆွေးနွေးပြီးလုပ်ဆောင်ပေးရန်လိုနေသည်ဟု ဆိုသည်။
“ဆားစျေးတွေ တစ်ပိဿာကို ၅၀ ကျပ်နဲ့တောင် ဝယ်မဲ့သူရှားတယ်။ ဒီကထွက်တဲ့ဆားတွေက မြေသားပေါ်မှာလုပ်ရတာဆိုတော့ ဆားက အရည်အသွေးမကောင်းဘူး။ အရင်ကဆို ဘင်္ဂလားဒေရှ့်ဘက်က စီးပွားရေးလုပ်ငန်းရှင်တွေက ရခိုင်က ဆားတွေကို သိုလှောင်ဖို့ ဝယ်ကြတယ်။ အခု မဝယ်ကြတော့ဘူး”ဟုပြောသည်။
ယင်းအပြင် ရခိုင်မှ ဆားလုပ်ငန်း မတွင်ကျယ်ရခြင်းမှာ ဆားလုပ်ငန်းတွင်အဓိကလိုအပ်သော ပလပ်စတစ်အခင်းအတွက် အရင်းအနှီးမရှိခြင်းကြောင့်ဖြစ်သည်ဟုလည်း ဦးသန်းမြင့်က ဆက်ပြောသည်။
“ပလပ်စတစ်က နိုင်ငံခြားက မှာယူရတာဆိုတော့ ဒါကိုသုံးဖို့တွက် အရင်းအနှီးမရှိဘူး။ မရှိတော့ မလုပ်နိုင်ခဲ့ဘူး။ နည်းနည်းလေးပဲ လုပ်နိုင်ခဲ့တယ်။ စီးပွားဖြစ်မလုပ်နိုင်ခဲ့ဘူး။ အဲလိုအခက်ခဲလေးတွေရှိပါတယ်”ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် ဆားလုပ်ငန်းကို ယခင် ၁၉၉၈-၉၉ အတွင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့တင်ပို့ခဲ့ရာ ဧက ၁ သောင်းကျော်အထိထုတ်လုပ်နိုင်ခဲ့သည်ဟု သိရသည်။
လက်ရှိတွင် ရခိုင်မှထွက်ရှိသောဆားများမှာ အရည်အသွေးကျဆင်းလာ၍ စျေးမရသောကြောင့် ပြည်ပမှ ဝယ်ယူမှုများမရှိတော့သည့်အတွက် ဆားထုတ်လုပ်မှုဧရိယာ ဧက ၁၅၀၀ ကျော်အထိလျော့ကျသွားခဲ့ကြောင်း ပြည်နယ်ဆားလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ပေါက်တောမြို့နယ် သာစည်ကျေးရွာ ဥက္ကဋ္ဌ ဦးအောင်ဌေးလင်းက “ကျနော်တို့ ရခိုင်ကထွက်တဲ့ဆားတွေက ကြမ်းတယ်။ အရောင်လည်းမဲတယ်။ ပြည်ပကိုလည်းတင်သွင်းခြင်းမရှိဘူး။ အရည်အသွေးကောင်းအောင်သာ ထုတ်လုပ်နိုင်ရင် ဆားလုပ်ငန်း တွင်ကျယ်လာမယ်ထင်ပါတယ်။ အရင်က ကျနော်တို့နယ်မှာ ၂၀၁၅ တုန်းကဆိုရင် ဧက ၁၀၀ လုပ်တယ်။ အခုဆို ဧက ၂၀ လောက်ပဲလုပ်ကြတော့တယ်”ဟု ပြောသည်။
ရခိုင်တွင် နေလှန်းဆားလုပ်ငန်းကို ကျောက်ဖြူ၊ သံတွဲ၊ ပေါက်တော၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ သံတွဲ၊ မောင်တော၊ တောင်ကုတ်၊ မြောက်ဦး၊ မင်းပြားနှင့် ရမ်းဗြဲမြို့နယ် စသည့် မြို့နယ် ၁၂ ခုတွင် ဇန်နဝါရီလမှ ဧပြီလအထိ လုပ်ကိုင်လျက်ရှိသည်ဟု သိရသည်။

ဆက်စပ် သတင်းများ