ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

စစ်တွေရွှေစျေးကွက်တွင်အခေါက်ရွှေ ၁ ကျပ်သားကို ၁၇ သိန်း ၇ သောင်း ဝန်းကျင်အထိရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 5.6k

နှင်းနွယ်နီ
နိရဥ္စရာ၊ နိုဝင်ဘာ ၂၆/၂၀၂၁
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း ရွှေစျေးများတဟုန်ထိုးမြင့်တက်ခဲ့သော်လည်း ယခုရက်ပိုင်းတွင် စစ်တွေ ရွှေစျေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားကို ၁၇ သိန်း ၇ သောင်း ဝန်းကျင်အထိ ရှိနေသည်ဟု သိရသည်။
ယခုလ နိုဝင်ဘာလ ၂၀ ရက်မှ ယနေ့ နိုဝင်ဘာလ ၂၆ ရက်အတွင်းတွင် အခေါက်ရွှေ (၁၆ ပဲရည်) တစ်ကျပ်သားလျှင် ၁၇ သိန်း ၇ သောင်း ဝန်းကျင်၌ ငြိမ်သက်နေသည်။
သို့သော် အရောင်းအဝယ်မဖြစ်ဘဲ ပေါင်းနှံသူနှင့်ရောင်းသူများသာရှိကြောင်း ကျောက်တော်မြို့မှ ကောင်းရတနာရွှေဆိုင်ပိုင်ရှင် ဦးညွန့်မောင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
“အရောင်းအဝယ်က နည်းနည်းလောက်ပါးတယ်။ အရမ်းလည်းမဖြစ်ဘူး။ အရောင်း/အပေါင်များတယ်။ အဝယ်နည်းတယ်။ ပွဲရာသီဆိုရင်လည်း လာဝယ်သူနည်းတယ်” ဟုပြောသည်။
စစ်တွေမြို့ သိဒ္ဓိအောင်ရွှေဆိုင်မှ ကိုကျော်မျိုးသန့်က ယခုကာလသည် ပွင့်လင်းရာသီဖြစ်၍ ပွဲလမ်းသဘင်များရှိနေသည့်အတွက် အနည်းငယ်သာ အရောင်းဖြစ်သည်ဟုလည်း ပြောသည်။
“ပွဲတွေနဲ့တော့ နည်းနည်းပါးပါးရောင်းလိုက်ရတယ်။ ကထိန်မကျခင်။ အခုတော့နည်းနည်းပါးပါတယ်။ အခုတော့ အရင်လိုမရောင်းရတော့ဘူး။ နည်းနည်းပါးပါးသွားတယ်” ဟုပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလက အခေါက်ရွှေတစ်ကျပ်သားကို ကျပ်သိန်း ၂ဝ ကျော်အထိစံချိန်တင်မြင့်တက်ခဲ့ပြီးနောက် ယခုအခါ ရွှေစျေး တဖြည်းဖြည်းကျဆင်းလာနေခြင်းဖြစ်သည်။

ဆက်စပ် သတင်းများ