ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

၁၀ လကြာဘဏ်စနစ်အခက်ခဲများကြောင့် ဘဏ်အသုံးပြုသူများ များစွာထိခိုက်မှုများရှိနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 8.7k

အေးမြတ်ခိုင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၃ဝ/၂၀၂၁
မြန်မာနိုင်ငံတွင် ၁၀ လကြာမြင့်လာပြီဖြစ်သည့် ဘဏ်စနစ်အခက်ခဲများကြောင့် ဘဏ်အသုံးပြုသူများတွင် များစွာထိခိုက်မှုများရှိနေကြောင်း သိရသည်။
ယခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် စစ်တပ်အာဏာသိမ်းပြီးသည့်နောက်ပိုင်း တင်ဒါအောင်ထားသည့်ကုမ္ပဏီများကို အစိုးရက ပထမတွင် ကျပ်သိန်း ၂၀၀ ထုတ်ပေးရန် ဘဏ်များကိုညွှန်ကြားခဲ့သည်ဟု သိရသည်။
ယင်းနောက်တွင် ဘဏ်များက ကျပ်သိန်း ၅၀ သာထုတ်ပေးခဲ့ပြီး လက်ရှိတွင် ၅ သိန်းသာထုတ်ယူခွင့်ရတော့၍ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ များစွာ အခက်အခဲ ဖြစ်နေရကြောင်း မြန်မာ ကန်ထရိုက်တာများအသင်း(ရခိုင်ပြည်နယ်) ဥက္ကဋ္ဌ ဦးကျော်အေးမောင်က နိရဥ္စရာကို ပြောသည်။
"၅ သိန်းဆိုတဲ့ ငွေပမာဏက ဘာမှလုပ်လို့မရပါဘူး။ တချို့က ရာခိုင်နှုန်းနဲ့ ထုတ်ပေးတယ်။ အလိမ်ခံရတာတွေရှိတယ်လို့လည်း ကြားရတယ်။ လက်ရှိ ဘဏ်စနစ်အတိုင်းသွားရင် တိုင်းပြည်စီးပွားရေးကို နှောင့်နှေးစေတယ်။ ပုံမှန်အနေထား အမြန်ဆုံးရောက်အောင်လုပ်နိုင်မှ တိုင်းပြည်အနေနဲ့ ပိုကောင်းလာမယ်ထင်တယ်" ဟုပြောသည်။
အောက်ခြေလူတန်းစားမှ အပေါ်ဆုံးလူတန်းစားအထိ ဘဏ်နှင့် နေ့စဉ် ဆက်သွယ်အလုပ်လုပ်နေကြရသောကြောင့် ယခုကဲ့သို့ အခက်အခဲများ ဖြစ်ပေါ်နေခြင်းမှာ တိုင်းပြည်စီးပွားရေတိုးတက်ရန် ကြီးမားသော အခက်ခဲတစ်ခုဖြစ်နေသည်ဟု ၎င်းကဆိုသည်။
ယင်းကြောင့် တာဝန်ရှိသူများက အရေးကြီးကိစ္စတစ်ရပ်အနေဖြင့် ဖြေရှင်းသင့်ပြီး လက်ရှိအခြေနေအတိုင်းကြာရှည်သွားမည်ကိုလည်း စိုးရိမ်မိကြောင်း ၄င်းက ဆက်ပြောသည်။
လက်ရှိတွင် ဘဏ်ကတ်ထဲမှငွေထုတ်ယူရာတွင် တိုကင်ယူနေရပြီး ရက်သတ္တပတ် ၁ ပတ်မှ ၂ ပတ်အတွင်းကြာမြင့်မှသာ တိုကင်ဖြင့် ငွေထုတ်ယူ၍ ရတတ်ကြောင်း ငွေထုတ်သူများက ပြောသည်။
ယင်းအပြင် တိုကင်ဖြင့် ငွေတစ်ခါထုတ်လျှင်လည်း ကျပ် ၃ သိန်းသာ ထုတ်ယူရရှိကြသည်ဟုလည်း ဆိုသည်။
မြောက်ဦးမြို့နယ်မှ ဒေါ်ခင်အေးဝင်းကလည်း နိုင်ငံခြားမှ ငွေလွှဲအား သွားထုတ်သည့်အခါ တစ်ရက်နှင့်အပြီး လိုသလောက်ထုတ်မရ၍ စရိတ်ပိုကုန်ကျကာ အချိန်ကြန့်ကြာမှုများရှိနေကြောင်း ပြောသည်။
"နယ်ကနေ ငွေလာထုတ်ရတာ တစ်ရက်နဲ့အပြီးထုတ်မရဘူး။ စားစရိတ်၊ နေစရိတ်တွေကလည်း ပိုကုန်တယ်။ အချိန်တွေလည်းကြန့်ကြာတယ်။ ရသင့် သလောက်မရဘဲ ငွေတွေလည်း နစ်နာတယ်လေ"ဟု ပြောသည်။
ယခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်းမှစ၍ ဘဏ်စနစ်ယာယီရပ်တန့်သွားခဲ့ကာ ပြည်လည်ဖွင့်လှစ်ချိန်တွင်လည်း ယခင်ကဲ့သို့ အပြည့်အဝ ငွေထုတ်ယူ၍ မရသည့်အခက်ခဲများကို ပြည်သူများ ယနေ့အချိန်အထိ ရင်ဆိုင်နေကြရခြင်း ဖြစ်သည်ဟု သိရှိရသည်။

ဆက်စပ် သတင်းများ