ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

မောင်တော ကညင်ချောင်းစီးပွားရေးဇုန်တွင် စက်လှေမလုံလောက်၍ ဘင်္ဂလားဒေ့ရှ်သို့ ကုန်များ အချိန်မီမပို့နိုင်ဖြစ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 3.2k

ထက်အောင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၃၁/ ၂၀၂၁
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကညင်ချောင်းစီးပွားရေးဇုန်မှ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်သွယ်မှုပြုလုပ်ရာတွင် စက်လှေမလုံလောက်မှုကြောင့် ကုန်များအချိန်မီမပို့နိုင်ဖြစ်နေကြောင်း သိရသည်။
ယင်းသို့အချိန်မီတင်ပို့နိုင်ခြင်းမရှိသည့်အတွက် ကုန်သည်များတွင် ဆုံးရှုံးနစ်နာမှုများရှိနေကြောင်း မောင်တောနယ်စပ်ကုန်သည်အသင်းဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက ပြောသည်။
“စီးပွားရေးဇုန်ကတော့ ရှိနေတယ်။ ဒါပေမယ့် စက်လှေမရှိဘူး။ အခက်အခဲက မောင်တောမြို့မှာက စက်လှေတွေမလုံလောက်ဘူး။ ဒါကြောင့် ကုန်တွေကို ကုန်းပေါ်မှာပုံထားရတာတွေရှိတယ်။ စက်လှေရှိရင်တော့ ကုန်တွေတစ်ရက်နှစ်ရက်အတွင်း ကုန်သွယ်လို့ရတယ်” ဟု ပြောသည်။
ကညင်ချောင်းစီးပွားရေးဇုန်မှကုန်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနဖ်ဆိပ်ကမ်းသို့တင်ပို့နေခြင်းဖြစ်ပြီး စက်လှေဖြင့်သွားလျှင် အချိန် ၁ နာရီခန့်သာကြာမြင့်ကြောင်း သိရသည်။
ကုန်များကို အချိန်မီတင်ပို့နိုင်ရန် မောင်တောမြို့နယ်အတွင်း စက်လှေအသင်းဟူ၍ အခိုင်အမာဖွဲ့စည်းရန်လိုအပ်နေသည်ဟုလည်း ဦးအောင်မြင့်သိန်းက ဆက်ပြောသည်။
ကိုဗစ်ကြောင့်ပိတ်ထားခဲ့ရသည့် ကညင်ချောင်းစီးပွားရေးဇုန်ကို ပြီးခဲ့သည့်အောက်တိုဘာလ ၁၆ ရက်က ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း အောက်တိုဘာ ၂ဝ ရက်မှစတင်ကုန်သွယ်နိုင်ခဲ့သည်ဟု သိရသည်။
စတင်ကုန်သွယ်ခဲ့သည့် အောက်တိုဘာ ၂ဝ ရက်မှ ယခု ဒီဇင်ဘာလ ၁၈ ရက်အထိ ဘင်္ဂလားဒေ့ရှ်သို့ ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၅၉ သန်းဖိုးနှင့် ဘင်္ဂလားဒေ့ရှ်မှ သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ဝ ဒသမ ဝ၂၆ သန်းရှိခဲ့သည်ဟုလည်း ရခိုင်ပြည်နယ် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။
ဘင်္ဂလားဒေ့ရှ်သို့ ပို့ကုန်များမှာ ငါးမြစ်ချင်း၊ ငါးမုတ်မဲ၊ ငါးခြောက်နှင့် ကြက်သွန်၊ ဂျင်း၊ ကွမ်းသီး၊ ဇီးသီးခြောက်၊ မကျည်းသီးအစေ့၊ ဆနွင်းတက်တို့အပြင် အသေးစားစက်မှုထုတ်ကုန် ဇီးယိုထုတ်တို့ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်မှ သွင်းကုန်များမှာ ပလပ်စတိတ်ဖြင့်ပြုလုပ်ထားသည့်အိမ်အသုံးအဆောင်ပစ္စည်းများနှင့် သွပ်အိုးခွက်၊ ဒန်အိုး၊ ဒန်ခွက်များဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ - ကညင်ချောင်းစီးပွားရေးဇုန်အတွင်းရပ်နားထားသည့် စက်လှေတစ်စီးအား တွေ့ရစဉ်။

ဆက်စပ် သတင်းများ