သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရခိုင်တွင် စက်သုံးဆီဈေးနှုန်း အနည်းငယ်ပြန်မြင့်တက်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 1.3k

ထက်အောင်
နိရဥ္စရာ၊ ဇန်နဝါရီ ၁ဝ/ ၂ဝ၂၂
ရခိုင်ပြည်နယ်တွင် ယခုရက်ပိုင်း စက်သုံးဆီဈေးနှုန်းအနည်းငယ် ပြန်လည်မြင့်တက်သွားသည့်အတွက် စက်သုံးဆီအသုံးပြုနေသူများတွင် အခက်အခဲများရှိနေကြောင်း သိရသည်။
ယခုဇန်နဝါရီလအစပိုင်းတွင် အောက်တိန်း 92 တစ်လီတာကို ၁,၅ဝဝ ခန့်နှင့် အောက်တိန်း 95 တစ်လီတာလျှင် ၁,၆ဝဝ ကျပ်သာရှိခဲ့ရာမှ ယခုရက်ပိုင်းအတွင်း 92 တစ်လီတာကို ၁,၅၅၀ ကျပ်နှင့် 95 တစ်လီတာလျှင် ၁,၆၂၀ ကျပ်အထိမြင့်တက်လာနေကြောင်း စစ်တွေရှိ ရွှေရိုးမစက်သုံးဆီအရောင်းဆိုင်မှ သိရသည်။
ယင်းအပြင် 92 တစ်လီတာလျှင် ပြင်ပဆိုင်များတွင် ၁,ရဝဝ ကျပ်အထိ စျေးမြင့်တက်နေသည်ဟုလည်း သိရသည်။
ကုန်စျေးနှုန်းများအဆမတန်စျေးမြင့်တက်နေချိန်တွင် ယခုကဲ့သို့ စက်သုံးဆီစျေးနှုန်းများ ဆက်လက်မြင့်တက်နေသည့်အတွက် စက်သုံးဆီအသုံးပြုနေရသည့် လက်လုပ်လက်စားပြည်သူများအနေဖြင့် အခက်အခဲအကျပ်အတည်းများဖြင့် ရင်ဆိုင်နေကြရသည်ဟု သိရသည်။
စက်သုံးဆီစျေးနှုန်းမြင့်တက်နေသော်လည်း ခရီးသည်တင်ကားများအနေဖြင့် မိသားစုစားဝတ်နေရေးကို ရှေးရှူကာ ပုံမှန်စျေးဖြင့်ပြေးဆွဲပေးနေရသည်ဟု ရခိုင်ပြည်နယ်၊ ပုဂ္ဂလိကပိုင်မော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးချမ်းအေးက ပြောသည်။
“ကျနော်တို့မှာ တပည့်သားသမီးတွေရှိတယ်။ သူတို့တွေ စားဝတ်နေရေးအဆင်ပြေဖို့အတွက် ရှုံးရှုံးမြတ်မြတ် ပြေးဆွဲပေးနေရတဲ့အနေအထားမှာရှိပါတယ်” ဟု ပြောသည်။
ယခုကဲ့သို့ စက်သုံးဆီဈေးနှုန်းတက်လာခြင်းမှာ ဒေါ်လာဈေးတက်လာမှုနှင့် နိုင်ငံခြားမှ စက်သုံးဆီတင်သွင်းရသည့်အခါ နိုင်ငံခြားငွေကို ပေးချေနေရ၍ဟု ရခိုင်ပြည်နယ် စက်သုံးဆီလုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးသိန်းရွှေက ပြောသည်။
“ နိုင်ငံခြားငွေကြေးဈေးနှုန်းမငြိမ်ရင်တော့ တက်လာမှာပဲလေ။ စက်သုံးဆီအမျိုးအစားတိုင်းမှာ တစ်လီတာကို ခန်းမှန်း ကျပ် ၄၀ လောက်ကနေ ၅ဝ အထိတက်သွားတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလကစပြီး နိုင်ငံရေးမတည်ငြိမ်မှုကို အကြောင်းပြု၍ နိုင်ငံခြားငွေ ဈေးနှုန်းများမြင့်တက်ခဲ့သည့်အတွက် လက်ရှိအချိန်အထိ စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေရခြင်းဖြစ်သည်ဟု သိရသည်။
မြန်မာ့နိုင်ငံရေးအကျပ်တည်မဖြစ်ပေါ်ခင်က စက်သုံးဆီ တစ်လီတာလျှင် အများဆုံး ကျပ် ၁ ထောင်ခန့်သာရှိခဲ့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ