ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရခိုင်တွင် ယခင်နှစ်များထက် ဝါးလုပ်ငန်း အရောင်းအဝယ် ကျဆင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 8.4k

သဥ္ဇာနွယ်
နိရဥ္စရာ၊ ဇန်နဝါရီ ၁၈ / ၂ဝ၂၂
ရခိုင်ပြည်နယ်တွင် ဝါးလုပ်ငန်းရောင်းဝယ်မှုသည် ယခင်နှစ်များကထက် သိသိသာသာကျဆင်းနေကြောင်း ဝါးလုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။
ရခိုင်တွင် နယ်စပ်ကုန်သွယ်ရေးမှတဆင့် ယခင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝါးလုံးရေအများအပြားတင်ပို့နိုင်ခဲ့သည်ဟု သိရသည်။
သို့ရာတွင် ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ်၊ ၂ဝ၁၆ ခုနှစ်နှင့် ၂ဝ၁၇ ခုနှစ်တို့တွင် မောင်တောခရိုင်အတွင်းဖြစ်ပွားခဲ့သည့်ပဋိပက္ခများနှင့် ၂ဝ၂ဝ နှင့် ၂ဝ၂၁ တို့တွင် ကိုဗစ်ရောဂါဖြစ်ပွားကြောင့် ဘင်္ဂလားဒေ့ရှ်သို့လည်း တင်ပို့နိုင်ခြင်းမရှိခဲ့သလို ဒေသတွင်းရောင်းဝယ်ဖောက်ကားမှုသည်လည်း ရပ်တန့်လုနီးပါးဖြစ်ခဲ့ရသည်ဟု ဝါးလုပ်ငန်းရှင်များက ပြောသည်။
လက်ရှိတွင် ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစတင်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးမှတဆင့် ဝါးလုံးရေ ၄ သောင်းခန့်သာ စတင်တင်ပို့နိုင်ခဲ့သည်ဟု ဘူးသီးတောင်မြို့ပေါ်မှ ဝါး၊ ဓနိလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဇော်နိုင်ဦးက နိရဥ္စရာကို ပြောသည်။
“ဝါးလုပ်ငန်းကတော့ ၂ဝ၁၂ ပဋိပက္ခဖြစ်ပြီးနောက်ပိုင်းမှာ နားထားလိုက်ရတယ်။ ၂ဝ၁၇ တုန်းကဆိုရင် ပိုဆိုးတယ်။ အခုမှပြန်လုပ်နေကြတာ”ဟု ပြောသည်။
လက်ရှိတွင် ဝါးအများအပြားထွက်ရှိရာဒေသတစ်ခုဖြစ်သည့် ဘူးသီးတောင်မြို့နယ် စိုင်းတင်ဒေသတွင် ဝါးထုတ်လုပ်မှု လိုင်စင်ရရှိမှုအတွက် အခက်အခဲအနည်းငယ်ရှိနေပြီး ဝါးလုံးများသည်လည်း သေးငယ်လာသည့်အတွက် ဈေးကွက်မဝင်ဖြစ်နေရသည်ဟု ဝါးလုပ်ငန်းကို ၁၅ နှစ်ကြာလုပ်ကိုင်နေသူ ဘူးသီးတောင်မြို့နယ်မှ ဦးကျော်ဇော်အောင်က ပြောသည်။
“ဝါးတွေ ထုတ်လုပ်တာတွေအဆင်မပြေဘူး။ လိုင်စင်ကမရသေးတော့ ပြည်နယ်အဆင့်ဆင့်စာတင်တောင်းဆိုတာ မရသေးဘူး။ စိုင်းတင်ကထွက်တဲ့ ဝါးတွေကလည်း အရွယ်အစားသေးငယ်ပြီးတော့ ရေတံခွန်ကို အဆင့်ဆင့်ဖြတ်သန်းလာရတာဆိုတော့ ဝါးတွေခြောက်သွားတယ်။ ဈေးကွက်မဝင်တော့ အဆင်မပြေဘူး”ဟု ပြောသည်။
ရခိုင်တွင် ဝါးအများအပြားထွက်ရှိသည့်ဒေသများမှာ ဘူးသီးတောင်မြို့နယ် စိုင်းတင်ဒေသ၊ မြောက်ဦးမြို့နယ် လေးမြို့ချောင်းဒေသနှင့် အမ်းမြို့နယ် ဒါးလက်ချောင်းနှင့် အမ်းချောင်းဒေသတို့ဖြစ်သည်ဟု သိရသည်။
ရခိုင်တွင် ယခင်က ၁၂ တောင်ဝါး အလုံး ၁ဝဝ ကို ကျပ် ၃ သောင်းကျော်ရှိခဲ့ရာမှ လက်ရှိတွင် ၂ သောင်းကျော်နှင့် ၁၀ တောင်ဝါး အလုံး ၁ဝဝ ကို ယခင်က ကျပ် ၂ သောင်းကျော်ရှိခဲ့ရာမှ လက်ရှိတွင် ၁ သောင်းကျော်သာရှိသည်ဟု ဝါးလုပ်ငန်းရှင်များက ပြောသည်။
မြောက်ဦးမြို့နယ်၊ လေညှင်းတောင်ရွာမှ ဝါးလုပ်ငန်းကို နှစ် ၂၀ ကြာအောင်လုပ်ကိုင်နေသော ဦးဝင်းတင်ကလည်း “ဝါးလုပ်ငန်းတွေ စျေးကွက်ပျက်နေတာ သုံးလေးနှစ်လောက်ရှိပြီ။ လုပ်ငန်းရှင်အနေနဲ့တော့ နစ်နာမှုတော့ရှိတာပေါ့”ဟု ပြောသည်။
ရခိုင်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဝါးတန်ချိန် ၁,၁၇၈ တန် (အမေရိကန်ဒေါ်လာ ၉၄,၀၀၀ တန်ဖိုး)အထိ တင်ပို့နိုင်ခဲ့သည်ဟု နယ်စပ်ကုန်သွယ်ရေးစာရင်းများအရ သိရသည်။
အလားတူ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်လည်း ဝါးတန်ချိန် ၅၇၂ တန်ခန့် (အမေရိကန်ဒေါ်လာ ၄၅,၀၀၀ ခန့်တန်ဖိုး)အထိ တင်ပို့နိုင်ခဲ့သည်ဟု ဆိုသည်။
ဓာတ်ပုံ - မာန်ယုကျော် (ရွှေဝမြေ)၊ နိရ ဉ္စရာ

ဆက်စပ် သတင်းများ