သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရခိုင်ဒေသထွက် အုန်းသီးခြောက် တန်ချိန် ၃ဝဝ ကျော်အား ဇန်နဝါရီလအတွင်း ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့နိုင်ခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 4.4k


ထက်အောင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂/၂၀၂၂
ရခိုင်ဒေသထွက် အုန်သီးခြောက် တန်ချိန် ၃ဝဝ ကျော်ကို နယ်စပ်ကုန်သွယ်ရေးမှတဆင့် တစ်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဇန်နဝါရီလအတွင်း တင်ပို့နိုင်ခဲ့ကြောင်း ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
ထိုအုန်းသီးများကို မောင်တောမြို့နယ်ရှိ ကညင်ချောင်းစီးပွားရေးဇုန် ကုန်သွယ်ရေးစခန်းနှင့် စစ်တွေမြို့နယ်ရှိ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းများမှ တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ယင်းသို့တင်ပို့ရာတွင် မောင်တောမှ အုန်းသီးခြောက်တန်ချိန် (၅၇)တန်နှင့် စစ်တွေမှ တန်ချိန် (၂၆၁.၈) တန်တို့ပါဝင်သည်ဟုလည်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးအောင်အောင်က ပြောသည်။
“ ဇန်နဝါရီလက ပထမဆုံးအကြိမ် တင်ပို့တာပါ။ အခုက ပထမဆုံးအကြိမ်ဖြစ်တဲ့အတွက် တန်ချိန် ၃ဝဝ ကျော်တင်ပို့နိုင်တယ်ဆိုတာကလည်း သိပ်အများကြီးတော့ မဟုတ်ပါဘူး။ ဒီဘက်မှာက အများကြီး စုဆောင်းထားတာမရှိဘူး။ အုန်းသီးတွေကို လိုက်ပြီးစုဆောင်းနေရတဲ့အခြေအနေမှာပဲရှိသေးတယ်” ဟု ပြောသည်။
တစ်ဖက်နိုင်ငံသို့ အုန်းသီးခြောက်များကို တင်ပို့ရာတွင် ရခိုင်ရှိ အုန်းပင်အုန်းတောအများအပြားရှိသည့် မာန်အောင်၊ သံတွဲ၊ ဂွ စသည့်မြို့နယ်များမှ အုန်းသီးခြောက်များနှင့် ကျန်သည့်မြို့နယ်များမှ အနည်းငယ်ပါဝင်ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အုန်းသီးအခြောက်တစ်လုံးလျှင် ဘင်္ဂလားဒေ့ရှ်ငွေ ၄၈ တာကာအထိ ပေါက်ဈေးရှိပြီး ရခိုင်တွင်ဆိုလျှင် ၅၅၀ ကျပ်သာ ပေါက်ဈေးရှိကြောင်းလည်း သိရသည်။
ဦးအောင်အောင်က “ကျနော်တို့ ရခိုင်ပြည်နယ်မှာက အုန်းသီး အစိမ်း၊ အခြောက် ပွဲရုံဆိုပြီးမရှိဘူး။ မာန်အောင်တို့ သံတွဲတို့မှာက အုန်းဆီထုတ်တဲ့အခါ အုန်းသားလုပ်ဖို့အတွက် စုထားတဲ့ စက်ရုံတွေက ဝယ်တာဖြစ်နိုင်တယ်။ စစ်တွေ၊ မြောက်ဦးဘက်တွေမှာက အုန်းပင်တော့ရှိတယ်။ ဒါပေမယ့် နည်းတယ်” ဟု ပြောသည်။
အုန်းသီးများကို စုဆောင်းရသည့်အခါတွင်လည်း ပွဲရုံမရှိသည့်အတွက် ကိုယ်စားလှယ်များမှ တဆင့်ဝယ်ရခြင်းကြောင့် အချိန်ကြန့်ကြာမှုရှိကြောင်း ဆက်ပြောသည်။

ဆက်စပ် သတင်းများ