သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

လယ်ကွင်းထဲမြေသြဇာကြဲနေသည့်လယ်သမား သေနတ်ဖြင့်ပစ်ခံရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 6.5k

သိန်းဇော်(မောင်တော)
စစ်တွေ၊ အောက်တိုဘာ ၁၉/၂ဝ၁၉

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ကျောင်းတောင်ကျေးရွာမှ လယ်သမားတစ်ဦး ယမန်နေ့ ညနေပိုင်းက လယ်ကွင်းထဲ မြေသြဇာကြဲနေစဉ် သေနတ်ပစ်ခံရသည်ဟု သိရသည်။

၎င်းပစ်ခတ်မှုကို ယမန်နေ့ ညနေ ၃နာရီ ကျော်ခန့်က ကျောင်းတောင်ကျေးရွာ၏အရှေ့ဘက် မိုင်ဝက်ခန့်အကွာ  စပါးခင်းထဲတွင် မြေသြဇာကြဲနေချိန်၌ တောင်ဖြူတောင်ပေါ်၌ ရှိနေသည့် မြန်မာ့တပ်မတော်က ပြုလုပ်ခဲ့သည်ဟု ဦးဆန်းနိုင်က နိရဥ္စရာသို့ ပြောသည်။

“ ကျနော်တို့ ကျောင်းတောင်ကျေးရွာရဲ့အရှေ့ဘက်တစ်မိုင်ကျော်လောက်မှာ တောင်ဖြူတောင်ဆိုတာ ရှိပါတယ်။ အဲ့ဒီမှာ မြန်မာ့တပ်မတော်ရှိပါတယ်။ ဒီနေ့ ကျနော် လယ်ကွင်းထဲ မြေဆီကြဲနေတဲ့အချိန် ၄ နာရီလောက်မှာ အဲဒီ တောင်ကုန်းပေါ်ကနေ ကျနော့်ကို သေနတ်နဲ့ လှမ်းပစ်တာပါ။ ကျနော်မြေဆီကြဲဖို့လွယ်ထားတဲ့ ခြင်းတောင်းမှာ၂ ချက်လာထိပါတယ်” ဟု ၎င်းက ပြောသည်။

၎င်း၏ အနီးဝန်းကျင်တွင် ကျည်ဆံ အချက် နှစ်ဆယ်ခန့် ကျခဲ့ကြောင်း ဦးဆန်းနိုင်က ပြောသည်။

“ကျနော်တို့ တောင်သူလယ်သမားတွေဆိုတာက ရိုးရိုးသားသားလုပ်ကိုင်စားသောက်နေတာပါ။ ဝမ်းရေးအတွက် မလုပ်လို့လည်းမရဘူး။ လယ်ကွင်ပြင်ကိုထွက်ရင်သူတို့က ပစ်တယ်ဆိုတော့ ကျနော်တို့ဘယ်လိုလုပ်စားအုံးမလဲ။ လယ်ကွင်းထဲကိုလည်း မထွက်ရဲတော့ဘူး” ဟု ၄င်းကဆက်ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျောင်းတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းရွှေမောင်အား နိရဥ္စရာ သတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့ရာ ၄င်းထံသို့ ပစ်ခတ်ခံရမှုနှင့်ပတ်သက်ပြီး ကာယကံရှင်က ဖုန်းဆက်တိုင်ကြားထားကြောင်း ပြောသည်။

“သူက စပါးခင်းမှာမြေဆီကြဲနေတာလို့ပြောပါတယ်။ မြေဆီကြဲနေတဲ့အချိန်မှာ သူ့ကို လှမ်းပစ်တယ်ဆိုပြီးတော့ ကျနော့်ကိုတိုင်ပါတယ်။ ကျနော်လည်း ပစ်တဲ့အသံကို ရွာမှာရှိနေတဲ့အချိန်ကြားလိုက်ရပါတယ်။ ဒါပေမယ့်လည်း ဘယ်သူ့ကိုပစ်တယ်ဆိုတာကိုတော့ မသိခဲ့ဘူး။ နောက်ပြီးမှ မြေဆီကြဲဖို့သွားတဲ့ ဦးဆန်းနိုင်ဆိုတဲ့လူကို သေနတ်နဲ့ လှမ်းပစ်တယ်ဆိုပြီးတော့ ကြားသိရပါတယ်”ဟု ဦးသိန်းရွှေမောင်က ပြောသည်။

စပါးအထွက်တိုးဖို့ လိုအပ်သည့်အတွက် လယ်ကွင်းထဲသွားရောက် မြေသြဇာကြဲနေသည့်အချိန်တွင် ထိုသို့ပစ်ခတ်ခြင်းက တောင်သူလယ်သမားများအတွက် ဆုံးရှုံးမှုများရှိနေသလို အသက်အန္တရာယ်လည်း စိုးရိမ်ရသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

ဆက်စပ် သတင်းများ