သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရခိုင်ကဆန္ဒပြမှုတွင်ပါဝင်၍ ဖမ်းဆီးခံရသူများအထဲမှ အမ်းမှ ၇ယောက် ပြန်လွတ်၊ ၁၃ ဦးခန့် ဆက်လက်ဖမ်းဆီးခံထားရဆဲဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 1.7k

ချစ်အိလှိုင်

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၈/ ၂ဝ၂၁

ရခိုင်တွင် စစ်တပ်က အာဏာသိမ်းယူပြီးနောက် ပေါ်ပေါက်ခဲ့သည့် ဆန္ဒပြမှုအတွင်း ဖမ်းဆီး ထိန်းသိမ်းခံထားရသူ ၂၀ ခန့်ရှိပြီး ယင်းအထဲမှ အမ်းမြို့မှ ၇ ဦး ပြန်လွတ်လာခဲ့ပြီး နောက်ထပ် အမျိုးသမီးတစ်ဦးအပါအဝင် ၁၃ ဦးခန့် ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း သတင်းရရှိသည်။

ဆက်လက် ဖမ်းဆီးခံထားရသူ ၁၃ ဦးမှာ သံတွဲမြို့နယ်မှ ကိုအောင်ခိုင်မင်း၊ မမြဝင်း၊ ကိုရန်ပိုင်ထွေး၊ ဦးခင်မောင်၊ တောင်ကုတ်မြို့နယ်မှ ကိုဇော်ဝင်းအောင်၊ ဦးခင်လှ၊ ကိုချစ်မောင်မောင်၊ ကိုသန့်ဇင်ဖြိုး၊ ဂွမြို့နယ်မှ ကိုနိုင်လင်း၊ မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူး ကိုအောင်စိုးမင်း၊ မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း ဦးလူနီနှင့် မာန်အောင်မြို့နယ်မှ ဦးကျော်ဆွေ၊ ဦးဝင်းနိုင်တို့ဖြစ်ကြကြောင်း ဒေသခံများ၏ပြောပြချက်အရသိရသည်။

၎င်းတို့သည် ဖေဖော်ဝါရီ ၁ ရက်နေ့ ယနေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့ညနေပိုင်းအတွင်း ဖမ်းဆီးခံခဲ့ကြရသူများဖြစ်ကြောင်း သိရသည်။

မျိုးဆက်သစ်(Generation) အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးသန်းလှကသူတို့မိသားစုတွေနဲ့တော့ အဆက်အသွယ်ရကြပါတယ်။ ပုဒ်မတပ်ပြီး ဖမ်းဆီးခံထားရတာလည်းရှိပါတယ်။ ကျွန်တော်တို့နဲ့တော့ အဆက်သွယ်ရဖို့ကြိုးစားနေပါတယ်။ အမ်းက ခုနစ်ယောက်ကတော့ လွတ်သွားပါပြီဟုပြောသည်။

ယခုစာရင်းမှာ ဆန္ဒပြ၍ ဖမ်းဆီးခံခဲ့ရသူများစာရင်းဖြစ်ပြီး နိုင်ငံရေးနှင့် ဆက်နွယ်၍ ဖမ်းဆီးခံထားရသည့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ တောင်ကုတ်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်တို့ မပါဝင်ကြောင်း ၎င်းက ပြောကြားသည်။

အမ်းမြို့တွင် ဖေဖော်ဝါရီ (၉၊ ၁ဝ) ရက်နေ့ ဆန္ဒပြသူများတွင် ပါဝင်၍  ဖမ်းဆီးခံခဲ့ရပြီးနောက်  ပြန်လွတ်လာသူများမှာ  ဒေါ်ပုမ(၄ဝ)နှစ် (ဘ) ဦးကျော်မင်း၊ မိုင်ရတနာအောင်(၂၁)နှစ် (ဘ) ဦးဝင်းမောင်၊ စောကလျာထွန်း(၂၁)နှစ်(ဘ) ဦးအေးဦး၊ ဒေါ်တင်ချိုချိုထွေး(၃၆)နှစ်၊ ဆရာ ဦးမျိုးအောင်ချို(၂၆) နှစ်(ဘ) ဦးကျော်ချို၊ ဆလိုင်းမင်းထိုက်အောင်၊ သင်းမြတ်ခိုင် (၃ဝ) နှစ် AGD ဘဏ်ဝန်ထမ်းတို့ဖြစ်သည်။

၄င်းတို့ ၇ ဦးကိုမှုကို ဖေဖော်ဝါရီ ၂၄ ရက်နေ့က ဒဏ်ငွေ ၈ သောင်းပေးဆောင်၍ အမ်းမြို့မ ရဲစခန်းမှ ပြန်လည်လွတ်မြောက်လာကြကြောင်းသိရသည်။

ဂွမြို့နယ်မှ ဖမ်းဆီးခံထားရသည့် ကိုအောင်စိုးမင်း၏ ဇနီးဖြစ်သူ မနန်းယုခို်င်က ကျွန်မတို့ သူနဲ့တွေ့ခွင့်တော့ရပါတယ်။ သူ့တို့ကို ငြိမ်းစုစီပုဒ်မနဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး ပုဒ်မတွေတပ်ပြီး ရုံထုတ်မယ်လို့ စခန်းကတော့ ပြောပါတယ်။ သူ့ကိုဖမ်းတဲ့နေ့က လမ်းမှာ ကျွန်မနဲ့ကလေးလည်း ပါတယ်။ ဆိုင်ကယ်နောက်မှာထိုင်ပြီပေါ့။ မေးစရာရှိလို့ဆိုပြီးခေါ်သွားတာပါ။ စိတ်မကောင်းဖြစ်ရပါတယ်ရှင်ဟုပြောသည်။

ရခိုင်တွင် စစ်အာဏသိမ်းပြီးနောက်ပိုင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုအပါအဝင် လူအယောက် ၃ဝ နီးပါးခန့် ဖမ်းဆီးထိမ်းသိမ်းခံထားရကြောင်း ဒေသခံများနှင့် ၄င်းတို့၏ မိသားစုဝင်များ၏ ပြောပြချက်အရ သိရသည်။

ဆက်စပ် သတင်းများ