သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ဓနိတန်းအသံတိတ်ဆန္ဒပြမှုဖြစ်ပေါ်ပြီးနောက် ဂွမြို့တွင်လုံခြုံရေးအနည်းငယ်တိုးမြှင့်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 3.5k

ချစ်အိလှိုင်

နိရဉ္စရာ၊ မေ ၃/ ၂ဝ၂၁

 

ရခိုင်ပြည်နယ် ဂွမြို့တွင် မေ လ ၂ ရက်နေ့က စစ်အာဏာရှင် ဆန့်ကျင်ရေး  အသံတိတ် ဓနိတန်း ဆန္ဒပြမှုပြုလုပ်ခဲ့ကြောင်းသတင်းများ လူမှုကွန်ယက်ပေါ် တွင် ပျံ့နှံ့လာပြီးနောက်  လုံခြုံရေး အနည်းငယ် တိုးမြှင့်ချထားကြောင်း မျက်မြင် ဒေသခံများက ပြောသည်။

 

ဂွမြို့နာရေးကူညီမှုအသင်းမှ ကိုကျော်မြင့်မောင်က မနေ့က ကျွန်တော်တို့လည်း လိုင်းပေါ်မှာ အဲဒီ ဆန္ဒပြတဲ့ပုံတွေ တက်လာမှ သိရတာ။ ဘယ်သူဘယ်ဝါဆိုတာ လူသိမခံချင်လို့ တိုးတိုးတိတ်တိတ် ဆန္ဒပြကြပုံပါ။ အရင်ကလည်း တစ်ယောက်စ၊ နှစ်ယောက်စ ဆန္ဒပြကြတာတွေရှိတယ်။  ဆန္ဒပြပွဲ ပေါ်ပေါက်ပြီး နောက်ပိုင်း မနေ့ကနဲ့ ဒီနေ့မှာတော့  ရဲမေတွေနဲ့ ရဲတပ်သားတွေ လုံခြုံရေး ယူနေတာ တွေ့တယ်။ အင်အား ဆယ်ကိုးယောက်လောက်ရှိမယ်။ အရင်က အဲလို လုံခြုံရေးယူတာမရှိဘူးဟု ယနေ့နံနက် ၁ဝ နာရီခန့်က နိရဉ္စရာသတင်းဌာနမှ ဆက်သွယ်မေးမြန်းစဉ် ပြောကြားသည်။

 

ဆန္ဒပြမှုမှာ ဒေသခံလူငယ်တချို့မှ ပြုလုပ်ခဲ့ခြင်းဟုယူဆကြောင်း၊ မည်သူမည်ဝါဖြစ်ကြောင်း လူသိမခံချင်ပုံထောက်၍ မြို့ခံများအနေဖြင့် ၄င်းကိစ္စဖြင့် သိရှိခဲ့ခြင်းမရှိခဲ့ကြောင်း ၎င်းက ပြောသည်။

 

လုံခြုံရေးယူထားသော်လည်း စစ်ဆေးမေးမြန်းခြင်း၊ ဖမ်းဆီးခြင်းများ တစ်စုံတစ်ရာ လုပ်ဆောင်ခြင်း မရှိသေးကြောင်း ၄င်းက ဆက်ပြောသည်။

 

 

(ဓာတ်ပုံ-   CJ)

ဆက်စပ် သတင်းများ