စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

တောင်ကုတ်တွင် လူနေအိမ်အနီး စက်သုံးဆီဆိုင်ဆောက်လုပ်မှုကို ဒေသခံ ၁ဝဝ ခန့်က ကန့်ကွက်ဆန္ဒပြ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 9.4k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဇန်နဝါရီ ၃ဝ/၂ဝ၂၂
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ပေါ်တွင် လူနေအိမ်အနီး စက်သုံးဆီဆိုင်ဆောက်လုပ်နေမှုကို ယနေ့နံနက်က ဒေသခံ ၁ဝဝ ခန့်က ကန့်ကွက်ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။
ယနေ့ ဇန်နဝါရီလ ၃ဝ ရက် နံနက် ၉ နာရီခန့်က တောင်ကုတ်မြို့ ကိုင်းရှည်တံတားဦးမှစ၍ မြို့ကိုပတ်ကာ လမ်းလျှောက်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်ဟု ဦးဆောင်သူများက ပြောသည်။
အဆိုပါစက်သုံးဆီဆိုင်မှာ တောင်ကုတ်မြို့ ကိုင်းရှည်ရပ်ကွက်အတွင်း လူနေအိမ်များနှင့် ခြံချင်းအလွန်ကပ်ကာတည်ဆောက်နေသဖြင့် မီးဘေးအန္တရာယ်ကိုစိုးရိမ်၍ ယခုကဲ့သို့ ကန့်ကွက်ဆန္ဒပြရခြင်းဖြစ်ကြောင်း ဆန္ဒပြရာတွင် ဦးဆောင်သူ ကိုရဲလင်းအောင်က နိရ ဉ္စရာကိုပြောသည်။
“တောင်ကုတ်မှာ မီးလောင်မှုတွေ အရင်ကလည်း အများကြီးဖြစ်ဖူးတော့ အခုဆောက်နေတဲ့ ဆီဆိုင်က လူနေအိမ်တွေနဲ့သိပ်ကပ်နေလို့ပါ။ ကျွန်တော်တို့ ခွင့်ပြုချက်တင်ပြီးဆန္ဒပြကြတာပါ။ လူနေအိမ်တွေနဲ့အဝေးမှာ ဆောက်လုပ်စေချင်တယ်”ဟုပြောသည်။
ဆန္ဒပြရာတွင် လူနေအိမ်များကြား မည်သည့်ဆီဆိုင်မှ အလိုမရှိ၊ မီးဘေးကြိုတင်ကာကွယ်ရေး ဦးစားပေးရေး၊ လူနေအိမ်များကြားလှောင်စာဆီသိုလှောင်မှုအလိုမရှိ စသည့်အချက်များအပါအဝင် အချက်(၅)ချက်ကို ကြွေးကြော်တောင်းဆိုခဲ့ကြကြောင်း သူက ဆက်ပြောသည်။
လူနေရပ်ကွက်အတွင်း အဆိုပါစက်သုံးဆီဆိုင်တည်ဆောက်နေမှုကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့ကလည်း ဒေသခံ ၁ဝဝ ကျော်လက်မှတ်ရေးထိုးကာ မြို့နယ်၊ ခရိုင်၊ ပြည်နယ်အဆင့်ဆင့်ကို ပထမအကြိမ် စာရေးသားတိုင်ကြားခဲ့သော်လည်း ထူးခြားမှုမရှိ၍ ယခုကဲ့သို့ ကန့်ကွက်ဆန္ဒပြရခြင်းဖြစ်သည်ဟု ဆန္ဒပြရာတွင်ပါဝင်သူများက ပြောသည်။
အဆိုပါဆန္ဒပြပွဲကို ခွင့်ပြုချက်ဖြင့်ပြုလုပ်ခြင်းဖြစ်သည်ဟုလည်း တောင်ကုတ်မြို့မရဲစခန်းမှူး ဒုရဲမှူးဇော်လတ်က နိရ ဉ္စရာကိုပြောသည်။
“ခွင့်ပြုချက်တောင်းပြီး ဆန္ဒဖော်ထုတ်တာပါ။ ရွာနဲဲ့နီးလို့တဲ့။ ကိုင်းရှည်ရွာထဲမှာ လူနေအိမ်နဲ့နီးလို့တဲ့” ဟု ပြောသည်။
ဆောက်လုပ်နေသည့်စက်သုံးဆီဆိုင်မှာ မအီမြို့ဒေသခံ ဦးထွန်းကြွယ်ဆိုသည့် လုပ်ငန်းရှင်တစ်ဦးပိုင်ဆိုင်ကြောင်း သိရသည်။
ယခုကဲ့သို့ကန့်ကွက်ခံရမှုနှင့်ပတ်သက်ပြီး ၎င်းအား ဆက်သွယ်ရန်ကြိုးစားနေဆဲဖြစ်၍ ၄င်း၏ သဘောထားအား မေးမြန်းတင်ပြနိုင်ခြင်းမရှိသေးပါ။
တောင်ကုတ်မြို့တွင် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်အတွင်းက မြို့ထဲရှိ စက်သုံးဆီဆိုင်တစ်ဆိုင်မှစတင်ကာ မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။
ယင်းနောက်ပိုင်း မြို့ဧရိယာစည်ပင်နယ်နိမိတ်အတွင်း၌ စက်သုံးဆီဆိုင်များ ဆောက်လုပ်ရောင်းချခြင်းမပြုရန် မြို့အာဏာပိုင်များနှင့် မြို့မိမြို့ဖများက အစည်းအဝေးတစ်ရပ်ပြုလုပ်ကာ ဆုံးဖြတ်ခဲ့ကြသည်ဟု မြို့ခံများက ပြောသည်။
ဓာတ်ပုံ - ကိုကိုတိုး / နိရ ဉ္စရာ

ဆက်စပ် သတင်းများ