သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရွှေပြည်တန် ရေလား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 3.5k

ရခိုင်ကမ်းမြောင်ဒေသသည် မြစ်ချောင်းပေါများ ခရီးသွားလာကြရာ ရေလမ်းကိုအဓိက အားထားနေကြရဆဲပင်ဖြစ်၏။ မိမိတို့ငယ်ငယ်ကဆိုလျှင် ကုလားတန်မြစ်ဝပြင်ကျယ်ကြီးကို လှေ၊ သဗန်ငယ်များဖြင့် လှိုင်းကြား၊လှေကြား၊ စွန့်စားဖြတ်သန်းသွားလာခဲ့ကြရ၏။ နောက်စက်တပ် လှေများ၊ မော်တော်ဘုတ်များပေါ်လာသည်။ ခရီးသွားလာရေး ပိုမြန်ဆန်လာပြီး အနတရာယ် လည်းပိုနည်းလာ၏။ သို့သော် ခရီးသယ်စက်လှေတစ်ချို.၏။ ဝိသမလောဘစိတ်ဖြင့် ခရီးသည်နှင့် ကုန်စည်များကို ငပိသိပ်၊ ငချဉ်သိပ်တင်ဆောင်မှုကြောင့် စက်လှေနှစ်မြုပ်မှုများ ခရီးသွားပြည်သူ တို့ သေဆုံးရမှုများကို မြစ်ကြီးပေါ် မကြာခဏကြုံခဲ့ကြရဖူးပြီ။ ငိုခဲ့ကြရဖူးပြီ။ ၁၉၈၈ ခုနှစ်က၊ ပေါက် တော ခရီးသည် စက်လှေမှာ စစ်တွေမှ အပြန် စစ်တွေနှင့်မလှမ်းမကမ်း၌ပင် နှစ်မြုပ်ခဲ့ အသက် ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည့် သာဓကကိုလည်း ယခုတိုင်မမေ့နိုင်သေးပါ။ သက်ဆိုင်ရာက သတ်မှတ်ကန့်သတ် ပြဌာန်းထားသော စည်းမျဉ်း၊ စည်းကမ်းများကို မလိုက်နာ လျစ်လျူရှုကြ ထိုသို့အဖြစ်ဆိုးများ ကြုံကြရခြင်းပင်ဖြစ်သည်။


စည်းကမ်းရှိမှ တိုးတက်မည် “စည်းကမ်းဟူသည် လူ့တန်ဖိုး

ဆိုရိုးဆောင်းပုဒ်များရှိပါငြားလည်း လူများကပင် ဥပက္ခာ ပြုကြ၏။ စည်းကမ်းဖောက်ထီးနန်း ပျောက်ခဲ့ရသည်”  ဟုမည်မျှပင်ဆိုဆို ဖောက်သူကဖောက်ဆဲ။ အောင်တံခွန်ပေါက် လူအသက် များစွာ သေဆုံးခဲ့ရသည့် ကြေကွဲဖွယ် ဖြစ်စဉ်မှာလည်း ဇာတ်လမ်းတစ်ပုဒ်မဟုတ်။ ရေလားခရီးစဉ်များက အနိဌာရုံသာဓကများပင်။ ယခုကား ရွှေပြည်တန်နှင့် ရေလားခရီးကြုံရသည်များကိုရေးပါမည်။ လုပ်ငန်းသျှင်များ၏ အကျိုး၊ ပြည်သူတို့၏ အကျိုးအတွက် အပြုသဘောတင်ပြခြင်းဖြစ်သည်။

မိမိမှာ ရွေပြည်တန်တစ်စီးတည်းရှိသောကာလကပင် စီးလာသော ခရီးသွားပြည်သူတစ်ဦး ဖြစ်သည်။ ယခုကား ရွှေပြည်တန်စီးရေမှာ ဆယ်ဂဏန်းမက တိုးတက် ကြီးပွားလာသည်ကို တွေ.ရ မုဒိတာပွားချီးကျူးမိ၏။ ခရီးသွားပြည်သူများအတွက် ပိုမို အဆင်ပြေချောမွေ့မည်ဟုထင် အားရ ကျေနပ်မိခဲ့၏။ သို့သော်လက်တွေ့၌ ခရီးသွား အဆင်မပြေမှုများ၊ အခက်အခဲအသံဗလံများကို မကြာခဏ ကြားနေရ၏။ အဓိကပြသနာကား ထိုင်ခုံပြသနာပင် ဖြစ်သည်။ ထိုင်ခုံပြသနာကို စစ်တွေ- ရန်ကုန်သွား ခရီးသည်တင်ကားများ၌လည်း ကြိမ်ပေါင်းများစွာ ကြုံခဲ့ရဖူး၏။ ထိုင်ခုံပြသနာသည် မိမိတို့ ရခိုင်ဒေသ ကြည်း၊ ရေ၊ လေ ခရီးသွားလာရေး၌သာ ကွက်ပြီးဖြစ်နေသောပြသနာ လားဟုပင် အခါခါတွေးမိ၏။

လွန်ခဲ့သော (၂) နှစ်ကျော်လောက်က မိမိသည်တာဝန်ကျရာဒေသမှ အိမ်ပြန်ရန် စစ်တွေ- ပေါက်တောသွား ရွေပြည်တန်လက်မှတ်တစ်စောင်ဝယ်ပြီး ရွှေပြည်တန် ရေယာဉ်ပေါ်သို့ တက်လိုက်ရာ ရေယာဉ်ဦးဖျားမှ ပဲ့ဖျားရေအိမ်နားထိ လူကပြည့်ကျပ်လျက် ကျိတ်ကျိတ်တက် စည်ကားလို့ ခေါင်မိုးပေါ်မှာ ကုန်ပစ္စည်းတွေက နေရာယူလို့၊ ထိုင်ခုံရဖို့ထား ၊ မတ်တပ်ရပ်မည့် တစ်နေရာစာ ရှာရသည်ကပင် မလွယ်။ မိမိမှာတစ်ဦးတည်း ဖြစ်တော်သေး။အိမ်သာဘေးမှ ရပ်လိုက် မည့်တစ်နေရာစာရ ပေါက်တောသို့ တောက်လျှောက်မတ်တပ်ရပ်လိုက်ပါခဲ့ရ၏။ သည်မှာမိမိ၏ ပထမအကြိမ် ရွှေပြည်တန်ရေလားခြင်း။

ပထမအကြိမ်ပြီးနောက် သိပ်မကြာပါ။ မိသားစုနှင့်အတူပေါက်တော-စစ်တွေအပြန်ခရီး စဉ်မှာ ထပ်ကြုံရပြန်သည်။ မိမိမှာ တစ်ခါသေဖူးပြီးသားဖြစ် ပျဉ်ဖိုးနားလည်ခဲ့ပြီ။ သို့ဖြစ်၍ သားကို upper Class လက်မှတ် (၄) စောင် ကြိုဝယ်ခိုင်းထားလိုက်၏။ ထိုစဉ်က upper Class လက်မှတ် နှင့် ရိုးရိုးတန်းလက်မှတ်၊ စျေးနှုန်းမတူ။ အထူးတန်း (upper Class ) က စျေးပိုသည်။ မိမိမှာ အသက်ရလာပြီဖြစ် အချိန်ကြာကြာမတ်တပ်ရပ် မလိုက်နိုင်။  ခုံတစ်ခုံထိုင်ရမှဖြစ်မည်။ သို့သော် ရွှေပြည်တန်အမြန်ယာဉ်ပေါ် တက်လိုက်သည့်အခါ ဦးရာလူနေရာ ကောင်းကောင်းယူစနစ်ဖြင့် ဇာတ်ပွဲမှာဖျာခင်းသလို အလုအယက်ဖျာခင်းထိုင်ကြတော့၏။ ခြေသွပ်လက်သွပ်သူ၊ ပါးနပ်လိမ်မာ သူများက အပေါ်အောက်ထိုင်ခုံများကို အလုအယက် ရယူကာ ခပ်တည်တည်ဖြင့် ခန့်ခန့်ကြီး ထိုင်နေကြတော့သည်။

အထူးတန်းပေါ် မျက်နှာငယ်လေး ဖြင့်မိမိတိုက မိသားတစ်စု ရိုးရိုးတန်းသို့  ဆင်းလာကြရ၏။ ရိုးရိုးတန်းမှာလည်း တင်းတင်းပြည့်ထိုင်ခုံရနိုးနိုးဖြင့် လျှောက်လာကြရာမိမိ သိသူ၊ မင်သူ၊ ခင်သူ တစ်မြို့တည်းသားများမှာ မိမိကိုပင် မသိသလိုသူစိမ်းလိုလိုဖြင့် ခပ်တည်တည် မျက်နှာလွဲလျှက် နူတ်ဆက်ဖော်ပင်မရကြ၊ လူ့စရိတ်စာမျက်နှာများကို တစ်ရွက်ချင်းဖတ်လျှက် တစ်ရွေ့ရွေ့ဆက်သွားခဲ့ကြရာ အိမ်သာအနီးသို့ ပင်ရောက်ခဲ့ကြရ၏။ မတ်တပ်ရပ်လိုက်ကြ       ပေတော့..အိမ်သာစောင့်လိုလိုဘာလိုလို။တစ်ဦးတည်းဆိုကမပြောလိုမိသားစု ပါသည်။ ရှက်ကလည်းရှက်၊ တော်တော့်ကိုခံပြင်းခဲ့မိသည်။ လက်မှတ်မဲ့သင်္ဘောခိုးတက်စီးလာ သူများလိုလို……။ ခဏအကြာတွင် သင်္ဘောဝန်ထမ်းတစ်ဦးလာခေါ်သည်။ဆရာ့အတွက် ထိုင်ခံတစ်နေရာရှိပါတယ်၊ လိုက်ခဲ့ပါ..တဲ့။ အင်း…. ထိုတစ်နေရာကား မည်သူက မည်သို့ ပြောင်းလိုက် လစ်လပ်သွားသည်မသိခဲ့။ သူခေါ်ရာသို့ လိုက်ပါဖို.ကိုပင် ခပ်ရှက်ရှက်ဖြင့် တုန့်ဆိုင်းနေခဲ့မိ၏။ မိသားစုကလည်းရပ်လျက် မတ်လျက်…...။ ထိုကာလကား ရောဂါ ဂန္တရကပ် ကင်းလွတ်ကာလ……။ ယခုကား……..
ယခုကာလကား ကိုဗစ်ရောဂါကန္တရကာလ။ ကပ်ဆိုက်ဆဲကာလ။ မိမိမှာကား အိမ်ပြင်သို့ပင် ထွက်ခဲသူ။ ပေါက်တောသို့ သွားရန်အကြောင်းကိစ္စ တစ်ခုပေါ်လာ မသွားမဖြစ်သွားခဲ့ရသည်။ ရွှေပြည်တန်နှင့် နှစ်ခါသေဖူးပြီးသားမိမိမှာ ပျဉ်ဖိုးကိုနားမလည်နိုင်သေးဘဲ ရွှေပြည်တန်နှင့်ပင် သံသရာလည်ခဲ့ပြန်လေ၏။ စစ်တွေမှပေါက်တောသို့ နေ့လယ်သွားရွှေပြည်တန်ခရီးစဉ်၌ကား အဆင်ချောလိုက်၏။ ဆိပ်ခံတံတားပေါ်မှာ ဝန်ထမ်း (၂) ဦးက Mask ထုပ်ကြီးကိုင်လို.. ။မိမိမှာ နေအိမ်မှထွက်လာ ကတည်းကတပ်ပြီးသား။ သင်္ဘောပေါ်တက်လိုက်တော့လည်း upper Class ပေါ်မှာ ဝန်ထမ်း လူငယ်က စောင့်လို့လက်မှတ်ပြရုံဖြင့် အဆင့်သင့်နေရာချပေးသည်။ ခရီးသွားများအားလုံး Mask ကိုယ်စီတပ်လို့။ တစ်ခုံခြားစီထိုင်လို့   ………စည်းကမ်းပြည့်ဝသောရွှေပြည်တန်ကြီ”  ပါကလား………။ ချီးကျူးထောပနာပြုခဲ့၏။
သို့သော်ခဲမှန်ဖူးသော စာသူငယ်မို့ စိတ်မချ။ ပေါက်တောမှအပြန်ခရီး၌ တူမများလည်း လိုက်ပါမည်ဖြစ် upper Class (၄) စောင် ကြိုဝယ်ခိုင်းလိုက်၏။ U2 a,b,c,d (၄) စောင်။ ဟုတ်ပြီ။ စိတ်ချသွားပြီ။ မင်းပြားမှပေါက်တောသို့ ရွှေပြည်တန် ဆိုက်ကတ်လာချိန်မှာကား ပေါက်တောခရီး သည်ထုကြီးက အလုအယက် တိုးတက်ကြတော့၏။ Mask လည်း မည်သူမျှတပ်မထားကြ။ ပြောမဲ့သူလည်း မရှိ။ ပေးမဲ့သူလည်းမရှိ။ မိမိတို့မှာ ဝယ်ယူလာသော ရွှေပြည်တန်လက်မှတ်ကိုယ်စီ ဖြင့် အပေါ်သို့ တက်သွားကြရာ နေရာချပေးမည့်သူလည်းမရှိ။ ဦးရာလူဖျာခင်းစနစ်ဖြင့် ငြိမ့်ငြိမ့် အလေးထိုင်နေကြလေပြီ။ ရွှေပြည်တန် တံခါးဝ၌ ခရီးသည်များကို အမြန်တက်ခိုင်းနေသည့် ဝန်ထမ်းလူငယ် (၂) ဦးကိုသာ တွေ့ရ၏။ထိုနှစ်ယောက်ထဲက အကြီးလူငယ်ကိုလှမ်းမေးရပြီ။
ငါ့တူ…. မင်းတို.မှာထိုင်ခုံနေရာချပေးမဲ့သူလည်းမရှိပါလား။ဒီမှာထိုင်ခုံနေရာ မရဘဲ ဖြစ်နေတယ်
ကျွန်တော်တို.မှာ ပေါက်တောခရီးသည်ကို ထိုင်ခုံနေရာပေးမထားဘူး၊ အဆင်ပြေတဲ့ နေရာမှာ ဝင်ထိုင်ကြပါဖြေလိုက်ပုံက..
ဘယ်လိုအဆင်ပြေတဲ့နေရာလဲ။ မင်းတို့မှာနေရာချပေးမဲ့ဝန်ထမ်းလဲမရှိ။ ငါတို.ဘယ်မှာ ထိုင်ရမလဲ။ဒီမှာရွှေပြည်တန်လက်မှတ်။ ထိုင်ခုံနံပါတ်တွေရေးထားတယ်"
ဒါကျွန်တော်တို့သင်္ဘောနဲ့ မဆိုင်ဘူးဦးလေး။ အပေါ်ကလက်မှတ်ရောင်းတဲ့သူနဲ့သာ ဆိုင်တယ်ခပ်လွယ်လွယ်ဘဲ။ တာဝန်မဲ့လွန်းတဲ့စကား။ တကယ့်မိုက်မဲ့တဲ့စကား။
ငါ့လက်ထဲကရွှေပြည်တန်လက်မှတ်တွေ အတုများလားကွာ………။ ဒီမှာရွှေပြည်တန် လက်မှတ်….။ဒီမှာ ထိုင်ခုံနံပါတ်တွေ….အော်ဖြစ်ပျက်နေကြပုံများ………. ထူးခြားတဲ့ငါ့တို့  ပြည်နယ်။
သူတို့ ချပေးသော အဆင်ပြေသည့်နေရာ၌ လိုက်ပါလာခဲ့ကြ၏။ ငါတို့ ဘယ်တော့ပျဉ်ဖိုး နားလည်နိုင်ကြမလဲနော်။ ပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်လိုက်တော့ ဘာ Mask တပ်မထား သော ခရီးသွားများအချင်းချင်းပူးကပ်လျှက် ခပ်တည်တည်လိုက်ပါကာ အဆင်ချောလို့ရွှေပြည်တန်ရေလားတေးလေးညည်းမိ၏။  ကိုဗစ်ကာလမှာ ခရီးသွားမိတာငါ့အမှား
လက်မှတ်ကိစ္စ ခရီးသည်များမေးကြည့်ရာ အထူးတန်း (upper Class) လက်မှတ်စျေး လည်း - ၃ဝဝဝိ/-၊ ရိုးရိုးတန်းလည်း ၃ဝဝဝိ/-။ ဦးရာလူကြိုက်ရာခုံဝင်ထိုင်၊ ခုံလုထိုင်စနစ်ဟူသတည်း။ မှတ်လေလော့။ ထိုသို့ဆိုလျှင် ထိုင်ခုံနံပါတ်မည်သူ့ ကိုမှမေးစရာမလို။ ထိုင်ခုံ (၂၀၀) ရှိလျှင် ခရီးသည် (၂၀၀) ကိုဗစ်စည်းကမ်းမရှိပါက အပြည့်ရောင်းလိုက်။ပြီးပြီ။ ဘာမှ ပြသနာမရှိ။ လက်မှတ် ပိုမရောင်းဖို့လိုမည်။ လက်မှတ်မပါဘဲ မစီးဖို့လိုမည်။ လူပိုမတင်ဖို့ အဓိက ဖြစ်သည်။ ခရီးသည်လည်း ဆင်ခြင်၊ ရေယာဉ်ဘက်မှလည်းဆင်ခြင်သင့်သည်။ သက်ဆိုင်ရာက သတ်မှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ရမည်မှာ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်း ဆောင်ရွက် နေကြသူများ၏ တာဝန်ပင်ဖြစ်သည်။ ခရီးသွားပြည်သူများ၏ စိတ်ချမ်းသာမှု၊ အသက်အန္တရာယ် လုံခြုံ ဘေးကင်းစေမှုအတွက် အဓိကတာဝန်ရှိကြသည်။  ဒီတော့…………. “ စည်းကမ်းဟူသည် လူ့တန်ဖိုး”  “စည်းကမ်းရှိမှ တိုးတက်မည်"။


                                                                                                                        ရိုးမဒေါင်းရန်

ဆက်စပ် သတင်းများ

ဆောင်းပါး
  • Web Master
  • ၃၀ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
တိုက်သူက တိုက် ၊စိုက်သူက  စိုက်
  • Web Master
  • ၁၉ ဇန်နဝါရီ ၂၀၂၄
တိုက်သူက တိုက် ၊စိုက်သူက စိုက်
ဆောင်းပါး
  • Web Master
  • ၁၁ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
ဆောင်းပါး
  • Web Master
  • ၀၄ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး
ဆောင်းပါး
  • Web Master
  • ၀၃ ဇန်နဝါရီ ၂၀၂၄
ဆောင်းပါး