စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဂျပန်ခရီးစဉ်တွင် ရခိုင်လူမျိုးများ ဆန္ဒပြ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 5.8k

စိုးဇံအောင်
နိရဥ္စရာ၊အောက်တိုဘာ ၂၁/၂ဝ၁၉

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်နိုင်ငံခရီးစဉ် ဒုတိယနေ့ဖြစ်သည့် ယနေ့ အောက်တို ဘာလ ၂၁ ရက်နေ့တွင် ဂျပန်ရောက် ရခိုင်လူမျိုးများက ရခိုင်အရေးနှင့် ပတ်သက်ပြီး ဆန္ဒပြခဲ့သည်ဟု သတင်းရရှိသည်။

ယင်းဆန္ဒပြပွဲကို ဂျပန်နိုင်ငံ၊တိုကျိုမြို့ရှိ မြန်မာသံရုံးရှေ့တွင် ဂျပန်နိုင်ငံရောက် ရခိုင်လူမျိုးများက ဒေသစံတော်ချိန် ညနေ ၃ နာရီမှ ၄ နာရီခွဲအထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဆန္ဒပြရသည့် အကြောင်းကို  ဂျပန်၊မြန်မာ၊ရခိုင် ဘာသာ စကားသုံးမျိုးဖြင့် ထုတ်ဖော်ပြောဆိုကာ ဆန္ဒပြခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ပထမဆုံး အခမ်းအနားတွင် ရခိုင်အမျိုးသားသီချင်း တစ်ပုဒ်ကို သီဆိုဖွင့်လှစ်ခဲ့ကြသည်။

ရက္ခိုင်လူငယ်များအစည်းအရုံး-ဂျပန် ဥက္ကဋ္ဌ ဦးကျော်သန်းလိူင်က “ ကျွန်တော်တို့ ဒီနေရာမှာ စုပြီး ဆန္ဒလာပြရတာက ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်က အမိန့်ပေးတဲ့ အတွက် ရခိုင်ပြည်မှာ စစ်ပွဲ အကြီးအကျယ် ဖြစ်လာတယ်။ စစ်သားချင်းတိုက်တာကိုကျွန်တော်တို့ မပြောလိုဘူး။ အခု အရပ်သားပြည်သူတွေ သေဆုံးတာ တစ်ရာနီးပါးရှိနေပြီ။ ဒဏ်ရာရတာလည်း ၁ဝဝ ကျော်နေပြီ။ စစ်ကြောရေးစခန်းတွေမှာလည်း သေဆုံးနေကြပြီ ဖြစ်တယ်။ ပီးရင် ဘာမှ မဟုတ်တဲ့ အရပ်သားပြည်သူတွေကို ဖမ်းဆီးထားတာလည်း သုံးရာနီးပါးရှိနေပြီ။ အခု စစ်ဘေးရှောင် စခန်းတွေမှာ ရိက္ခာတွေလည်း ပြတ်နေတယ်။ သူတို့ (အစိုးရ)ကလည်း မကူညီဘူး။ ကူညီမယ့် သူတွေဆိုရင်လည်း ကူညီလို့ မရဘူး။ ပိတ်ပင်ထားတယ်။ ဒီလို အခြေအနေတွေကြောင့် ဆန္ဒပြရတာပါ” ဟု ပြောကြားသည်။

၎င်းတို့အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံခဲ့ရစဉ် ယခု ဆန္ဒပြနေသည့် နေရာတွင် အကြိမ်ပေါင်း မရေတွက်နိုင်အောင် လာရောက်ဆန္ဒပြ တောင်းဆိုခဲ့ကြကြောင်း၊ ယခု အာဏာရသွားသောအခါ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာမှ မပြောခြင်းအပေါ် မေးခွန်းထုတ်လိုသည်ဟု ရက္ခိုင်လူငယ်များအစည်းအရုံး-ဂျပန် ဒုဥက္ကဋ္ဌ ဦးစိုးနိုင်က ပြောသည်။

“တိုင်းရင်းသားနယ်မြေတွေမှာ ထိုးစစ်ဆင်မှုတွေ လုပ်နေတယ်။ ဒေါ်အောင်ဆန်းစုကြည် စကားတစ်ခွန်းမှ မထွက်ဘူး။ ကချင်တွေကို သတ်နေတယ်။ ရခိုင်တွေ သေနေတယ်။ အခြား ပြည်နယ် တွေမှာ ထိုးစစ်တွေ ဆင်နေတယ်။ ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်နေသလဲ။ကျွန်တော်တို့ ဒီနေရာမှာ ပြီးခဲ့တဲ့ ရှစ်နှစ်လောက် ကတည်းက ဒီနေရာမှ ခြေဖဝါးရာတွေ ထပ်နေတယ်။ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် ကျွန်တော်တို့ ဂျပန်ရောက် ရခိုင်တွေ၊ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ရခိုင်တွေ ကြိုးပမ်းခဲ့ကြတယ်။ဒီနေ့ဒီအချိန် ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်ကို ဘာကြောင့် ဆန္ဒပြရသလဲ။ မေးခွန်းရှိတယ်။သူ့ဆီမှာလည်း အဖြေရှိမယ်လို့ ထင်တယ်။ကျွန်တော်တို့ တိုင်းရင်းသား ဒေသတွေမှာ သေနေကြတာတွေ အများကြီးပါပဲ။ ကျွန်တော်တို့ ရခိုင်မှာလည်း စစ်ကြောရေးမှာ လူပေါင်းများစွာ သေတယ်။ လူပေါင်းများစွာကို ဖမ်းဆီးထားတယ်။ ဖမ်းဆီးနေဆဲဖြစ်တယ်။ စစ်ဘေးရှောင်တွေ အရမ်းများနေတယ်။ ဗမာတွေကပြောတယ်။သူတို့တွေမှာလည်း ငတ်ပြတ်နေသူတွေ အများကြီး ပဲတဲ့။ သူတို့တွေက ငတ်ပြတ်တာပဲ ရှိတယ်။ကျွန်တော်တို့ တိုင်းရင်းသားဒေသ တွေမှာ သေနတ်ဆံနဲ့ ဗုံးဆံကို စားနေရပြီ” ဟု ပြောသည်။

ဆန္ဒပြပွဲတွင် ပူးပေါင်းပါဝင်သူ ကချင်အမျိုးသားအစည်းအရုံး-ဂျပန်မှ ခေါင်းဆောင် ကချင်လူငယ် တစ်ဦးက ”ကျွန်တော ်တိုင်းရင်းသားဒေသတွေမှာ ဗမာစစ်တပ် ရဲ့ ထိုးစစ်ဆင်မှုတွေကြောင့် စစ်ပြေးဒုက္ခသည်တွေ သိန်းနဲ့ ချီပြီး ရှိလာတယ်။ခုလက်ရှိ ပြည်သူတွေက ရွေးကောက်တင်မြှောက်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရဟာ ဒီအချိန်ထိလည်း ပါးစပ် ပိတ်နေတုန်းပဲရှိတယ်။အခု တို်င်းရင်းသားတွေ လက်နက်ကိုင်တယ်ဆိုတာက ကျွန်တော်တို့ရဲ့ မူလ ရပိုင်ခွင့် တွေ ဆုံးရှုံးနေရတယ်။ဒီအရာကို နိုင်ငံရေးစားပွဲပေါ်မှာ ဆွေးနွေးဖို့အတွက် တိုင်းရင်းသား ခေါင်းဆောင်တွေ အကြိမ်ကြိမ် တောင်းဆိုခဲ့ကြတယ်။ ဒီနေ့အချိန်ထိပဲဖြစ်ပါတယ်။ အဲဒီလို တောင်းဆိုဆဲမှာ တပ်မတော်က တိုင်းရင်းသားဒေသတွေမှာ ထိုးစစ် ဆင်နေတယ်။ဘယ်တော့မှ တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုကိုရမှာ မဟုတ်ပါဘူး။တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုကို လိုချင်တယ်ဆိုရင် စစ်ပွဲကို အရင် ရပ်တန့်ပြီးမှ နိုင်ငံရေး အရဆွေးနွေးဖို့လိုမယ်”ဟု ပြောသည်။

ဆန္ဒပြသူ ရခိုင်လူငယ်များသည် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး အချက် ၅ ချက်ကိုလည်း  တောင်းဆို ခဲ့ကြသည်ဟု သိရသည်။

ထိုတောင်းဆိုချက်များမှာ ရခိုင်စစ်ဘေးရှောင်များကို ကူညီခြင်းအား တားဆီးမှုကို ရပ်တန့်ပေးရေး၊ အင်တာနက် လိုင်းပိတ်ထားသည့် ရခိုင်မြို့များကို အင်တာနက် ပြန်ဖွင့်ပေးရေး၊ ရခိုင်ပြည်သူများ လွတ်လပ်ခွင့်နှင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ကို အသိအမှတ်ပြုရေး၊ဖမ်းဆီးထားသော ရခိုင်ခေါင်းဆောင်များအား အမြန်ဆုံး ပြန်လွှတ် ပေးရေး၊ တိုက်ပွဲဖြစ်ပွားရာနေရာများတွင် ပြည်တွင်း၊ပြည်ပ သတင်းထောက်များအား သတင်း သွားရောက် ရယူခွင့်ပေးရေး၊ တိုင်းရင်းသားဒေသများကို ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကို ရပ်တန့်ပေးရေး စသည့်အချက်များ ဖြစ်သည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်ဧကရာဇ် နာရူဟီတို၏ ထီးနန်းတက်ပွဲအခမ်းနားကို တက်ရောက်ရန် အောက်တိုဘာ၂ဝ ရက်နေ့က ရန်ကုန်လေဆိပ်မှ ထွက်ခွာလာခဲ့ပြီး ယနေ့ အောက်တိုဘာလ ၂၁ ရက်နေ့ တိုကျိုမြို့ရှိ မြန်မာသံရုံးသို့ ရောက်ရှိစဉ်တွင် ဂျပန်ရောက် ရခိုင်လူမျိုးများက ဆန္ဒပြခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဆန္ဒပြပွဲကို ရခိုင်လူမျိုး ၁ဝဝ ခန့် ပူးပေါင်း ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 

ဆက်စပ် သတင်းများ