သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ဂျပန်ရောက်ရခိုင်လူငယ်များက ကျန်နေသေးသည့်ရခိုင်မဲဆန္ဒနယ်မြေများတွင် ရွေးကောက်ပွဲကျင်းပပေးရန်ဆန္ဒဖော်ထုတ်တောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 6.1k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဒီဇင်ဘာ ၇/ ၂ဝ၂ဝ

လူထုဆန္ဒနှင့် ဒီမိုကရေစီကိုတန်ဖိုးထားပါက ရွေးကောက်ပွဲမကျင်းပခဲ့သည့် ရခိုင်ပြည်နယ်မှ မြို့နယ် (၉) ခုနှင့် ပြည်နယ်မဲဆန္ဒနယ်မြေ (၂) ခုတို့တွင် ရွေးကောက်ပွဲကျင်းပရန် လိုအပ်ကြောင်း ရက္ခိုင်လူငယ်များ အစည်းအရုံး-ဂျပန်မှ ဒုတိယဥက္ကဋ္ဌ ဦးရန်အောင်စိုးက ပြောသည်။

ရက္ခိုင်လူငယ်များ အစည်းအရုံး-ဂျပန်မှ အဖွဲ့ဝင် လူငယ် ၃ဝ ခန့် ယမန်နေ့က ဂျပန်နိုင်ငံတိုကျိုမြို့တွင် ချီတက် ဆန္ဒဖော်ထုတ်ပွဲနှင့် ပတ်သက်ပြီး နိရဥ္စရာက ဆက်သွယ်မေးမြန်းစဉ် ၎င်းက ထိုသို့ ပြောဆိုသွားခဲ့ခြင်း ဖြစ်သည်။  

“ကျွန်တော်တို့ ဆန္ဒပြပွဲလုပ်ရတဲ့ ရည်ရွယ်ချက်က ရခိုင်မှာ ရွေးကောက်ပွဲပြုလုပ်ပေးဖို့လိုပါတယ်။ လူထုဆန္ဒနဲ့  ဒီမိုကရေစီကိုတန်ဖိုးထားရင် ရွေးကောက်ပွဲကို အမြန်ဆုံး ကျင်းပပေးဖို့လိုပါတယ်။ ဒီမိုကရေစီစနစ်ရဲ့ အနှစ်သာရဖြစ်တဲ့ ပြည်သူတွေရဲ့ဆန္ဒ၊ အဓိကအခွင့်အရေးဖြစ်တဲ့ မဲတစ်ပြားကို မဆုံးစေချင်ဘူး။ ဒါကြောင့် လက်ရှိ အစိုးရနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အမြန်ဆုံးရွေးကောက်ပွဲကျင်းပပေးဖို့ ဒီနေရာကနေ ကျွန်တော်တို့ တောင်းဆိုပါတယ်” ဟု ဦးရန်အောင်စိုးက ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ မကျင်းပဖြစ်သည့် မြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပရန် ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်ချက် ထုတ်ပြန်ပြီး ၎င်းထုတ်ပြန်ချက် အပေါ်တွင်လည်း ဂျပန်ရောက် ရက္ခိုင်လူငယ်များ အနေဖြင့် ထောက်ခံကြောင်း ပြောဆိုသည်။

“ ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်ချက်အပေါ် ကျွန်တော်တို့ထောက်ခံတယ်။ ဂျပန်အစိုးရက ရွေးကောက်ပွဲကျင်းပ ပေးဖို့ကြားဝင်ဆောင်ရွက်ပေးမှု အပေါ်မှာလည်း ထောက်ခံတယ်။ မြန်မာအစိုးရက အမှန်တကယ် ဒီမိုကရေစီကိုလိုလားတယ်ဆိုရင် ဒီရွေးကောက်ပွဲကို မဖြစ်မနေ အမြန်ဆုံး ကျင်းပပေးဖို့ကို တိုက်တွန်းလိုပါတယ်။”

ရခိုင်လူငယ်ဆန္ဒဖော်ထုတ်သူများသည် ပြည်ပတွင် ရောက်နေလင့်ကစား ပြည်တွင်းနေ ရခိုင်ပြည်သူများ၏ နိုင်ငံသားအခွင့်အရေးမဆုံးစေရန်နှင့် ဒီမိုကရေစီအခွင့်အလန်းဖြစ်သော မိမိကြိုက်နှစ်သက်သည့် လွှတ်တော်ကိုယ်စားလှယ်ကို ရွေးချယ်နိုင်သည့် အခွင့်အရေးများ မဆုံးရှုံးစေလို၍ ယခု ဆန္ဒဖော်ထုတ်ပွဲကို ပြုလုပ်ရခြင်း ဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။

ဆန္ဒဖော်ထုတ်သူများသည် ယမန်နေ့ ဒီဇင်ဘာ ၇ ရက်နေ့ ဂျပန်ဆံတော်ချိန် နေ့လယ် ၂ နာရီခွဲမှ နေ့လယ် ၃ နာရီခွဲအထိ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Hibiya ပန်းခြံမှ Yurakucho ဘူတာသို့ ဗီနိုင်းများ၊ ပိုစတာများ၊ ရခိုင် အလံများကို ကိုင်ဆောင်ကာ လမ်းလျှောက်ကြွေးကြော်ကာ ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်မှ မြို့နယ် (၉) ခုဖြစ်သည့် မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ မင်းပြားနှင့် ပေါက်တောမြို့နယ်အပြင် နောက်ထပ် မြို့နယ် (၂) ခုမှ  ပြည်နယ်မဲဆန္ဒနယ် (၂) ခုတွင်လည်း လုံခြုံရေးနှင့် တည်ငြိမ်မှုကို အကြောင်းပြပြီး ရွေးကောက်ပွဲ ကျင်းပမှုကို ပယ်ဖျက်ခဲ့သည်။

ရက္ခိုင့်တပ်တော် (AA) က ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲမကျင်းပဖြစ်ခဲ့သည့် မြို့နယ်များ၌ ဒီဇင်ဘာ ၃၁ ရက်နေ့မတိုင်မီ ရွေးကောက်ပွဲ ကျင်းပပေးရန် NLD အစိုးရနှင့် မြန်မာ့တပ်မတော်တို့အား နိုဝင်ဘာလ ၁၂ ရက်နေ့က ကြေညာချက်ထုတ်ပြန်တောင်းဆိုခဲ့ပြီး တပ်မတော်မှ ယင်းထုတ်ပြန်ချက်အား ကြိုဆိုကြောင်း ယင်းနေ့ညနေပိုင်းတွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ဆက်စပ် သတင်းများ