ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရခိုင်အပါအဝင် တိုင်းရင်းသား၉ဖွဲ့မှ ဂျပန် နိုင်ငံ ယူအန်ရုံးရှေ့တွင်ဆန္ဒပြ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 7.5k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဒီဇင်ဘာ ၁၂/၂ဝ၁၉

ရခိုင်အမျိုးသားဒီမိုကရက်တစ်ပါတီ(ဂျပန်)နှင့် တိုင်းရင်းသားများအဖွဲ့ ၈ ဖွဲ့တို့ ပူးပေါင်းပြီး မြန်မာ့တပ်မတော်မှ တိုင်းရင်းသားဒေသများတွင် ထိုးစစ်ဆင် တိုက်ခိုက်နေမှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်နေမှုများအား ရပ်တန့်ရန် ယနေ့ ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ဂျပနိုင်ငံ တိုကျိုမြို့တွင် ဆန္ဒပြတောင်းဆိုခဲ့သည်။

ဆန္ဒပြပွဲကို မွန်းလွဲ ၂ နာရီမှ စတင်ပြီး ညနေ ၄ နာရီထိ ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ UN ရုံးရှေ့တွင် ပြုလုပ်ခဲ့ပြီး တိုင်းရင်းသားပေါင်းစုံ ၂ဝဝ ခန့်က  ပူးပေါင်း ပါဝင် ဆန္ဒထုတ်ဖေါ် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

ဆန္ဒပြရာတွင် ပါဝင်သော အဖွဲ့အစည်းများမှာ  (၁)ရခိုင်အမျိုးသားဒီမိုကရက်တစ်ပါတီ(ဂျပန်) ANDP (၂)မြန်မာ့တိုင်းရင်းသားများ ညီညွတ်သောအဖွဲ့အစည်း(AUN) (၃) ကချင်အစည်းအရုံး(OKO-J) (၄)ကရင် အဖွဲ့အစည်း(J-p Kno) (၅)ပအို့ဝ် တိုင်းရင်းသားအဖွဲ့အစည်း ((၆)မွန်အမျိုးသားအဖွဲ့အစည်း (၇)ချင်းအမျိုးသား အဖွဲ့အစည်း (၈)ရှမ်းအမျိုးသား အဖွဲ့အစည်း (၉) ကရင်နီ အမျိုးသားအဖွဲ့အစည်းတို့ ဖြစ်ကြသည်။

 ANDP(jp) အထွေထွေ အတွင်းရေးမှူး ကိုသက်ထွန်းအောင်က “ မြန်မာ့တပ်မတော်ရဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို လေကြောင်းကပါ အထောက်ကူတွေနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အတွက်  ရခိုင်ပြည်သူတွေ အသက်ပေါင်းများစွာ ဆုံးရှုံးနေကြရပါတယ်။  ကျောင်းသား လူငယ်တွေရဲ့  ပညာရေး အခွင့်အလမ်း ဆုံးရှုံးမှု တွေလည်း အရမ်းများနေပါတယ်။ အိုးအိမ်စွန့်ခွာပြီး စစ်ရှောင်စခန်းတွေကို ထွက်ပြေးနေသူတွေလည်း အများကြီးပါ။ လူ့အခွင့်အရေး ချိုးဖေါက်ခံရမှုတွေလည်း နေ့စဉ်လိုလို ဖြစ်ပွားနေပါတယ်။  ကလေးသူငယ်များ၊ ကျောင်းသား/သူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ မိသားစုများအစုလိုက်အပြုံလိုက်သေဆုံးမူတွေ ရှိလာပါတယ်။ ဒီလုပ်ရပ်တွေ အပေါ်မှာ ကျွန်တော်တို့ လုံးဝကန့်ကွက်ပါတယ်။ ဒါကြောင့် တပ်မတော်က ထိုးစစ်ဆင် တိုက်ခိုက်နေမှုကို ချက်ချင်းရပ်ဖို့ တောင်းဆိုပါတယ်” ဟု ပြောသည်။

စစ်ကြောရေးကာလတွင်အရပ်သားပြည်သူ သေဆုံးသူ (၁ဝဝ)ကျော်ရှိလာခဲ့ပြီး၊ဒဏ်ရာရှိသူ ၂၃ဝ ကျော် ရှိလာခဲ့ပြီး ဖြစ်ပြီး၊ သံသယဖြင့် တရားစွဲဆိုခံရသူ  (၅ဝဝ)ကျော်ရှိနေပြီး၊ လက်ရှိစစ်ရှောင် ပြည်သူ ၉၂၅ဝဝကျော် ရှိလာခဲ့ပြီ ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ANDP(jp) ဒုဥက္ကဋ္ဌ ကိုစိုးမင်းထွန်းက “ လက်ရှိ ဖြစ်ပေါ်နေတဲ့ လူ့ခွင့်အရေးချိုးဖေါက်နေမူတွေကို  ရပ်တန့် ပြီး အရင်က စစ်အာဏာရှင်တွေကို ဆန့်ကျင်ခဲ့တဲ့ အရပ်သား အစိုးရအနေနဲ့ အမျိုးသားရင့်ကြားစေ့ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးဖေါ်ဆောင်စေလိုပါတယ်။ တိုင်းရင်းသားပြည်သူတွေရဲ့ လက်ရှိ မြေပြင်မှာ ခံစားနေရမူတွေကို ဥပက္ခာ မပြုပဲ ပြည်သူတွေရဲ့ အသက်အိုးအိမ်နဲ့ ဘဝလုံခြုံမူအတွက် တာဝန်ယူမူ၊ တာဝန်ခံမူအပြည့်နဲ့  အမှန်တရား အတွက် ရပ်တည်ကာကွယ်ပေးဖို့ တောင်းဆိုပါတယ်” ဟု  ပြောကြားသည်။

ANDP နာယက ဦးဇော်မင်းခိုင်မှလည်း စစ်တပ်၏ လူ့အခွင့်အရေးချိုးဖေါက်မူများကို ပြောကြားခဲ့ပြီး
AUN ဥက္ကဋ္ဌ ဦးမိုင်ကျော်ဦး နှင့် တိုင်းရင်းသားခေါင်းဆောင်များ အစိုးရတပ်မတော်၏အကြမ်းဘက် ဆောင်ရွက်မူများကို ရှုံ့ချကန့်ကွက်ကြောင်းတို့ကိုပြောကြားခဲ့ကြောင်း သိရသည်။

ဆန္ဒပြသူများသည် တိုင်းရင်းသားဒေသများတွင် ထိုးစစ်ဆင်တိုက်ခိုက်နေမှုကို ရပ်တန့်ရေး၊ တိုင်းရင်းသား ဒေသများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ချက်ချင်း ရပ်တန့်ရေး၊ ၂ဝဝ၈ ဖွဲ့စည်းပုံ ဖျက်သိမ်းရေး၊ လွှတ်တော် အသီးသီးတွင် တပ်မတော်သား ၂၅ ရာခိုင်နှုန်းပါဝင်နေမှုကို ပယ်ဖျက်ရေးနှင့် စစ်မှန်သည့် ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေး စသည့် အချက် (၅) ချက်ကို တောင်းဆိုခဲ့ကြသည်။ 

---------------------------

Unicode:


နိရဉ်စရာ၊ ဒီဇငျဘာ ၁၂/၂ဝ၁၉
 









ဆက်စပ် သတင်းများ