ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

စစ်တွေပြင်ပ စေတနာညကျောင်း တက္ကသိုလ်ဝင်တန်းအောင်မြင်သူဦးရေတိုးလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ ဇွန် ၂၀၁၉
  • | ကြည့်ရှုသူ: 2.4k

နှင်းဝေဝေကျော | နိရဥ္စရာ၊ ဇွန် ၁၃/ ၂ဝ၁၉

ရခိုင်ပြည်နယ် စစ်တွေမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ပြင်ပ ကျောင်းသားများ အတွက် ရည်ရွယ် ဖွင့်လှစ်ထားသော စေတနာညကျောင်းတွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ကျောင်းသား/သူဦးရေမှာ တစ်နှစ်ထက် တစ်နှစ်တိုးလာကြောင်း သိရသည်။

စေတနာ ညကျောင်းကို စတင်ဖွင့်လှစ်ခဲ့သည့် ၂ဝ၁၅-၂ဝ၁၆ပညာသင်နှစ်တွင် အောင်မြင်သူ ဦးရေ(၁၆)ဦး၊ ၂ဝ၁၆-၂ဝ၁၇ပညာသင်နှစ်တွင်(၂၆)ဦး၊ ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်တွင်(၂၇)ဦး ရှိခဲ့ပြီး ယခုနှစ်တွင် အောင်မြင်သူဦးရေ(၃၁)ဦး အထိရှိလာကြောင်းသိရသည်။

အဆိုပါကျောင်းတာဝန်ခံဆရာမ ဒေါက်တာကျော့သာစိန်က "ကျွန်မတို့က သူတို့ကို စိတ်အား တက်ကြွ လာအောင် ပြောဆိုဆုံးမပြီး သင်ကြားပေးတဲ့အခါကျတော့ ကလေးတွေက စာမေးပွဲ အောင်ချင် လာတာကြောင့် ကြိုးစားလာကြတယ်။ ဒါကြောင့် အောင်မြင်သူ တိုးလာတာ ဖြစ်ပါတယ်"ဟု ပြောသည်။

စေတနာညကျောင်းကို ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်မှစတင်ကာ ရခိုင်အမျိုးသမီးစွမ်းဆောင်ရှင်ဆုရ ဒေါက်တာကျော့သာစိန်အပါအဝင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့်ပညာရေးဌာနတို့၏ကူညီပံ့ပိုးမှုတို့ဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်မတို့ဒီကျောင်းကိုဖွင့်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ဆယ်တန်းကို ၂ နှစ်ကျပြီး အပြင်ကို ရောက်နေတဲ့ ကလေးတွေကို ဆယ်တန်းအောင်စေချင်တဲ့ရည်ရွယ်ချက်နဲ့ ဖွင့်ဖြစ်ခဲ့တာပါ။ အခုလို ဒီကျောင်းကနေနှစ်ကျ ကလေးတွေကို တက္ကသိုလ်ဝင်တန်းအောင်မြင်အောင် ပံ့ပိုးပေးနိုင်တဲ့အတွက် ကျွန်မအနေနဲ့လည်း အရမ်းဝမ်းသာပါတယ်။” ဟု ဒေါက်တာကျော့သာစိန်က ပြောကြားခဲ့သည်။

အဆိုပါညကျောင်းတွင် စစ်တွေတက္ကသိုလ်မှ ဆရာ၊ ဆရာမများအပါအဝင် ပြင်ပမှ ပုဂ္ဂလိက ဆရာ၊ ဆရာမ များကလည်း စေတနာဖြင့် လာရောက်ကာ အခကြေးငွေမယူဘဲ သင်ကြားပြသပေးလျက် ရှိကြောင်း၊ ယမန်နှစ်က ကျောင်းသား ၁ဝဝ ခန့် တက်ရောက်သင်ကြားခဲ့ကြောင်းဖြင့်လည်း  သိရသည်။

“ဒီကျောင်းကညနေမှတက်ရတဲ့ကျောင်းဖြစ်တဲ့အတွက်အလုပ်တဖက်နဲ့ကျောင်းတက်နေရသူတွေအတွက် အရမ်းအဆင်ပြေပါတယ်။ ညီမတို့ကို အခုလို အောင်မြင်အောင်သင်ကြားပေးတဲ့ ဆရာ၊ ဆရာမတွေကိုလည်း ကျေးဇူးတင်ပါတယ်”ဟု စေတနာညကျောင်းမှု တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သူ မစောမြနုက ပြောသည်။

အဆိုပါကျောင်းကို နေ့စဉ် ညနေ ၆ နာရီမှ ၉ နာရီအထိ သင်ကြားပြသပေးလျက် ရှိကြောင်းလည်း  သိရသည်။




photo - ဒေါက်တာကျော့သာစိန်

ဆက်စပ် သတင်းများ