ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

လက္ကာကျေးရွာသား ၁၆ ဦး ရုံးထုတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 1.6k

ဆောင်းဇာခြည်

နိရဥ္စရာ၊ သြဂုတ် ၁၆/၂ဝ၁၉

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာမှ ဖမ်းဆီးစစ်ဆေးခံနေရသူ ၂၄ ဦးမှ ၁၆ ဦးကို သြဂုတ် ၁၅ ရက်နေ့က စစ်တွေမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့သည်။

“ရုံးထုတ်တာကတော့ ပုံမှန်လိုပါပဲ။ အခုက စစ်ဆေးတာ မဟုတ်သေးတော့ ဘာမှ ထူးခြားမှုတော့ မရှိသေးပါဘူး။  ဒီ ၁၆ ယောက်တည်းကိုပဲ ရွေးပြီး ရုံးထုတ်တာက တရားလိုက ၂ယောက် ဖြစ်နေလို့ပါ။ အဲဒါကြောင့် နှစ်ဖြတ်ခွဲပြီး ရုံးထုတ်တာပါ” ဟု လက္ကာအမှုကို လိုက်ပါ ဆောင်ရွက် ပေးနေသည့် သဇင်ဥပဒေဆိုင်ရာ ထောက်ပံ့ကူညီရေးအဖွဲ့မှ ရှေ့နေ ဒေါ်မေသက်ခိုင်က ပြောသည်။

 ရုံးထုတ်ရာတွင် ၁၆ယောက်တစ်သုတ်၊ ၁၅ ယောက်တစ်သုတ် ထုတ်မည်ဖြစ်ကြောင်း၊  ၂၄ ယောက်ထဲတွင်  ပထမတစ်ခေါက်ထုတ်သူများပါသလို  ဒုတိယတစ်ခေါက်ထုတ်သည့် အထဲတွင်  ပထမအသုတ်ထဲက လူတစ်ချို့ ပါဝင် နိုင်ကြောင်း ဒေါ်မေသက်ခိုက် ပြောကြားသည်။


ဖမ်းဆီးစစ်ဆေးခံနေရသူ ၂၄ ဦးထဲမှ ၁၆ ဦးကို  သြဂုတ် ၁၅ ရက်နေ့ နံနက် ၁ဝ နာရီခန့်က ရုံးထုတ်ခဲ့ပြီး လာမည့် သြဂုတ်လ ၂၂ ရက် နေ့တွင် ၁၅ ဦးကို ရုံးချိန်းထပ်ချိန်းထားကြောင်း သိရသည်။

 မနေ့က  ရုံးထုတ်ခဲ့သည့် ၁၆ ဦးတွင် အသက်မပြည့်သေးသည့် လူငယ်တစ်ဦး ပါသောကြောင့်  ၄င်းအား မြောက်ဦးမြို့နယ် တရားရုံးသို့ ပြောင်းရွေ့မည်ဖြစ်ကြောင်းလည်း ဒေါ်မေသက်ခိုင်က ပြောသည်။

 “မြောက်ဦးတရားရုံးကို ဘယ်နေ့ ပြောင်းရွေ့မလဲတော့ မသိဘူး။ သူက အသက်မပြည့်သေးတော့ ဒီနေ့ ရုံးချိန်းမှာ သူ့ကို မြောက်ဦးတရားရုံးကို ပြောင်းမယ်ဆိုပြီး သိရတယ်။”ဟု သူမက ပြောသည်။

၄င်းမှာ  မောင်စိုးမိုးကျော် (၁၆) နှစ် ဖြစ်ပြီး တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား တစ်ဦးလည်း ဖြစ်သည်။

“အသက်မပြည့်သေးလို့ ကလေးသူငယ်တရားရုံးကို  ပြောင်းမယ်လို့  ပြောပါတယ်။ သားလေးက ဆယ်တန်းကျလို့ ပြန်တက်မလို့ပါ။ သားလေးမှာ  အပြစ်မရှိတဲ့အတွက် စစ်ဆေးပြီးလို့ ပြန်လွှတ်တဲ့အခါလည်း သူဒီနှစ် စာမေးပွဲဖြေဖို့ မှီတော့မယ် မထင်ပါဘူး။ ” ဟု မိခင်ဖြစ်သူ  ဒေါ်ခင်ရွှေသန်းက  ပြောသည်။

လက္ကကျေးရွာမှ ဖမ်းဆီးခံထားရသော ၂၄ ဦးအား အကြမ်းဖက်ဥပဒေပုဒ်မ  ၅ဝ (ဈ )ဖြင့် အရေးယူထားကြောင်း သိရသည်။

ယင်း၂၄ ဦးကို  ဧပြီလ ၁ဝ ရက်နေ့က မြောက်ဦးမြို့ရှိ ရဲတပ်ရင်း အမှတ် (၃၁) ကို ရက္ခိုင့်တပ်တော် (AA) က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် AAတပ်ဖွဲ့ဝင်များဖြစ်သည်ဟုဆိုကာ သံသယဖြင့် စစ်တပ်က ဖမ်းဆီးစစ်ဆေးခဲ့ကာ တရားစွဲဆိုခြင်း ဖြစ်သည်။

ဆက်စပ် သတင်းများ