ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

၅ လကျော်ကြာမှစတင်စစ်ဆေးရသည့်အမှု၊ ဒုတိယအကြိမ် ရုံးထုတ်ရာတွင်လည်း တရားလိုများမရောက်၍ အမှုသည် ၁၂ဦးတို့ နစ်နာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 8.9k

နီမင်းထွန်း
နိရဥ္စရာ၊ ကြဂုတ်လ၂၉/၂ဝ၁၉

အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)ဖြင့် တရားစွဲ ခံထားရသော မြောက်ဦးမြို့နယ် ကျောင်းတောင်ရွာသားများ အပါအဝင် လူ ၁၂ ဦးကို သြဂုတ်လ ၂၈ နေ့၌ စစ်တွေခရိုင်တရားရုံးတွင် ဒုတိယ အကြိမ် ရုံးထုတ်ခဲ့ရာ တရားလိုအများစု မရောက်၍ အမှုသည်များ အနေဖြင့် နစ်နာခဲ့ရသည်ဟု ၎င်းတို့၏ ရှေ့နေက ပြောသည်။ 

ပထမအကြိမ်အမှုကို သြဂုတ် ၂၁ ရက်နေ့က စတင်စစ်ဆေးရာတွင်လည်း တရားလို တစ်ဦးမှ မရောက်ခဲ့သလို ဒုတိယအကြိမ် ရုံးချိန်းတွင် တရားလို အပါအဝင် လိုပြသက်သေ ၈ ဦးကို ဆင့်ခေါ်ထားသော်လည်း ရခိုင်ပြည်နယ် ဒုတပ်ခွဲမှူးရုံးမှ ဒုရဲမှူး သိန်းနိုင်အေး ၁ ဦးသာ ရောက်ရှိလာခဲ့ဟု သိရသည်။

“တရားလိုတွေက သက်သေတွေမလာဘူးဆိုတော့ အမှုသည်တွေ အတွက်နစ်နာတယ်။ ဘာလို့လည်းဆိုတော့ မလိုလားအပ်ပဲ ကြန့်ကြာတာပေါ့နော်။အမှုပြီးသွားပြီဆိုရင် ပေါ်ပေါက်ရင်တော့ အရေးယူခံရမယ်။ မပေါ်ပေါက်ဘူးဆိုရင်တော့ လွှတ်မှာပေါ့နော်။ အဲလိုအနေအထားမျိုးမှာ တရားလိုဖက်က သက်သေတွေမလာဘူး ဆိုတော့ အမှုသည်တွေက အချုပ်ထဲမှာပဲနေရတဲ့ အတွက် အထူး နစ်နာတယ်” ဟု အမှုကို လိုက်ပါဆောင်ရွက်နေသူ တရား လွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောသည်။

ဒုရဲမှူး သိန်းနိုင်အေးသည် အဓိကတရားလို မဟုတ်သည့်အတွက် ယမန်နေ့က အမှုစစ်ဆေးမှုမှာ ထူးထူးခြားခြား ပြောင်းလဲမှုမရှိဟု ဆိုသည်။
 
“ဒီနေ့ကျောင်းတောင် အမှုမှာ အရပ်သားသက်သေ ၂ ဦးရယ်၊ စစ်တပ်နဲ့  ရဲကသက်သေ ၆ ဦး သက်သေ ၈ ဦးကို ခေါ်ထားတယ်။ ရခိုင်ပြည်နယ် ဒုတပ်ခွဲမှူးရုံးမှ ဒုရဲမှူးသိန်းနိုင်အေး တစ်ယောက်ပဲရောက်တယ်။ အခြားလူတွေက မရောက်ကြဘူး။ သူကလည်း ဒီမှုမှာတော့ အဓိကကျတဲ့ သက်သေမဟုတ်တော့ ဘာမှ ထူးခြား ပြောင်းလဲမှု မရှိပါဘူး” ဟု ၎င်းက နိရဥ္စရာသတင်းဌာနကို ဆက်လက် ပြောဆိုသည်။

ပထမအကြိမ် တရားလိုခေါ်ပြီးစစ်ဆေးရာတွင်လည်း တရားလို မရောက်ရှိသလိုဒုတိယအကြိမ် တရားလိုခေါ်ပြီး စစ်ဆေးရာတွင် အဓိကတရားလို မဟုတ်သူတစ်ဦးသာ ရောက်ရှိလာသောကြောင့် အမှုရင်ဆိုင်နေရသူများ အတွက် နစ်နာနေသဖြင့် တရားရုံးအနေဖြင့် စဉ်းစား ဆောင်ရွက်သင့်ကြောင်း ဆွေမျိုးတော်စပ်သူ တစ်ဦးကလည်း ပြောကြားသည်။

“ သူတို့ ၁၂ ဦးကို မတ်လ ၁၂ ရက်နေ့ကတည်းက ဖမ်းထားတာပါ။ အခု ဆိုရင် ၅ လကျော်ပြီ။ အခုမှ ရုံးတင်စစ်ဆေးတာ ၂ ကြိမ် ရှိပါသေးတယ်။ ဒီလို ကြန့်ကြာနေရတဲ့ အထဲမှာ တရားလို ပျက်ကွက်တဲ့ အတွက် သူတို့အတွက် အထူးနစ်နာပါတယ်” ဟု ပြောကြားသည်။

ကျောင်းတောင်အမှုတွင် ပါဝင်သူ ၁၂ ဦးမှာ မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာ၊ မြောက်ဦးမြို့ အောင်မင်္ဂလာရပ်ကွက်၊ မင်းပြားမြို့နယ် အိုင်ဝမ်းကျေးရွာနှင့် စစ်တွေမြို့မှ လူနာလာတင်သူ ကားဆရာနှစ်ဦးတို့ ဖြစ်ကြသည်။

၄င်းတို့သည်  မင်းပြားမြို့နယ်၊ ပန်းမြောင်း သပေါ့စာမှ ငှက်ဖျားဖြစ်သူ လူနာ လှမောင်ဝင်း (၂၃) နှစ်အား ဆေးကုသရန် မှာ  မြောက်ဦး ဆေးရုံသို့ ယူဆောင်လာစဉ် မတ်လ ၁၂ ရက်နေ့က စစ်တပ်၏ ဖမ်းဆီး ခေါ်ဆောင်ခြင်း ခံရသူများဖြစ်သည်။ လူနာလှမောင်ဝင်းမှာ ဖမ်းဆီး စစ်ဆေးစဉ်အတွင်း  သေဆုံးသွားခဲ့သည်။

နောက်တစ်ပတ်ရုံးချိန်းကို စတင်ဘာလ ၄ ရက်နေ့ကို သတ်မှတ် ပေးလိုက်သည်ဟု သိရသည်။

ဆက်စပ် သတင်းများ