သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

အကြမ်းဖက်မှု၊လက်နက်မှုဖြင့် တရားစွဲခံထားရသော လက္ကာရွာသား ၂၂ယောက်ကို ၈ ကြိမ်မြောက်ရုံးထုတ်စစ်ဆေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 1.9k

နီမင်းထွန်း
နိရဥ္စရာ ၊ သြဂုတ်လ၃ဝ/၂ဝ၁၉

အကြမ်းဖက်တိုက်ဖျက်ရေးနှင့် လက်နက်အရေးပေါ်စီမံမှု ယာယီ အက်ဥပဒေ ပုဒ်မတို့ဖြင့် တရားစွဲခံထားရသော မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှ လူ ၂၂ ဦးကို သြဂုတ်လ ၂၉ နေ့ စစ်တွေခရိုင်တရားရုံးတွင် ၈ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့သည်။

အဆိုပါအမှုအား လိုက်ပါဆောင်ရွက်နေသော တရားလွတ်တော်ရှေ့နေ ဦးအောင်စစ်မင်း က  “ ဒီနေ့ကတော့ Mini သက်သေ တရားခံပြေးအမှုကို စစ်တယ်။ ရာဇဝတ်ကြီးအမှုကိုတော့ အဲဒီ တရားခံပြေး အမှုပြီးမှ စစ်မယ် ဆိုတော့ ဒီနေ့မှာတော့ တရားလိုသက်သေတို့ တရားလိုပြသက်သေတို့ကို စစ်တာမရှိဘူး။ လက္ကာအမှုမှာ တရားခံပြေး တစ်ရာကျော်ပါတယ်ဆိုပေမဲ့ တရားခံပြေးက၂၇ ယောက်ပဲကျန်တော့တယ်ကြားတယ်။ နောက်တစ်ပတ်နှစ်ပတ်လောက်ဆိုရင်တော့ ရာဇဝတ်ကြီးအမှုကို သွားနိုင်မယ်လို့ ထင်တယ်” ဟု သတင်းထောက်များကို ပြောသည်။

ဖမ်းဆီးစစ်ဆေးခံနေရသူများကို ကျန်းမာရေးကို ဂရုစိုက်နေထိုင်ရန်၊ စိတ်ဓာတ်မကျရန်နှင့် တရားရုံးကလည်း အမြန်ဆုံးလုပ်ပေးနေသည် ဟု သူကဆက်ပြောခဲ့သည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှ ဖမ်းဆီးခံခဲ့ရသော လူ ၂၇ ဦးထဲမှ ၃သုံးဦးသေဆုံးသည်။ကျန်ခဲ့သူ ၂၄ ဦးထဲမှ အာမခံဖြင့် ၂ယောက်ပြန်လွှတ်လာပြီး ကျန် ၂၂ ဦးကို အမှုနှစ်ခုခွဲ၍ တရားစွဲထားသည်။

သူတို့ ၂၂ ယောက်ထဲတွင် တစ်ချို့မှာ အမှုနှစ်ခုဖြင့် ရင်ဆိုင်နေရပြီး တစ်ချို့မှာ အမှု တစ်ခုဖြင့် ရက်ဆိုင်နေရသည်။ ၂ဝ၁၄ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေနှင့် တရားစွဲဆိုခံရသူ ၁၅ ဦးပါဝင်ပြီး ၁၉၄၉ လက်နက် အရေးပေါ် စီမံမှုယာယီအက်ဥပဒေနှင့် တရားစွဲထားသည်မှာ ၁၆ ဦးပါဝင်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ