- Web Master
- ၂၈ ဇူလိုင် ၂၀၂၃
နီမင်းထွန်း
နိရဥ္စရာ ၊စက်တင်ဘာလ ၁၁ /၂ဝ၁၉
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် မင်းဖူးကျေးရွာမှ ဖောက်ခွဲမှု ပုဒ်မ (၃)ဖြင့် တရားစွဲခံထားရသူ နှစ်ဦးသည် ၇ လခန့်အကြာတွင် ပြန်လွှတ်မြောက်လာကြောင်း သတင်းရရှိသည်။
လွတ်မြောက်လာသူမှာ ဦးမောင်သန်းဖေ ( ၄ဝ နှစ်) နှင့် ဦးဝေစိုးထွန်း(၃၅ နှစ်)တို့ဖြစ်သည်။
သူတို့နှစ်ဦးအား မှားယွင်းစွာတရားစွဲဆိုမှုအဖြစ် စွဲချက်မတင်ဘဲ စက်တင်ဘာလ ၁၁ ရက်နေ့တွင် စစ်တွေခရိုင်တရားရုံးက လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအမှုအား လိုက်ပါ ဆောင်ရွက်နေသူ တရားလွှတ်တော် ရှေ့နေ ဒေါ်အေးနုစိန်က ပြောသည်။
“သူတို့နှစ်ယောက်ကို စစ်တွေခရိုင်တရားရုံးက မှားယွင်းစွာ တရားစွဲဆိုမှုလို့ သတ်မှတ်ရလို့ စွဲချက်မတင်ဘဲ ဒီနေ့ ပြန်လွှတ်တဲ့ အမိန့်ကို ချမှတ်ခဲ့တာဖြစ်တယ်”ဟုပြောသည်။
လွတ်မြောက်လာသူနှစ်ဦးသည် ဖေဖော်ဝါရီလ ၂ဝ ရက်နေ့ နံနက်ပိုင်းက ရသေ့တောင်မြို့နယ် မင်းဖူးကျေးရွာတွင် မိုင်းနှစ်လုံးပေါက်ကွဲခဲ့မှုနှင့်ပတ်သက်ပြီး သံသယဖြင့် ဖမ်းဆီးခြင်းခံခဲ့ရသူများဖြစ်ပြီး ၇ လခန့်အကြာ စစ်ဆေးခံခဲ့ရပြီးနောက် ယခုကဲ့သို့ ပြန်လွတ်လာခြင်းဖြစ်သည်။
မင်းဖူးကျေးရွာတွင် မိုင်းပေါက်ကွဲခဲ့ပြီးနောက် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ အဆိုပါကျေးရွာမှ အသက် ၁၈ နှစ်အရွယ် မရီရီစိုး၏ ဦးခေါင်းတွင် သေနတ်ကျည်ဆံထိမှန်သေဆုံးသွားပြီး ဒေသခံအချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရသေ့တောင်မြို့နယ် ကြိမ်သာကျေးရွာမှ မတရား အသင်းဆက်သွယ်မှု အက်ဥပဒေပုဒ်မ ၁၇(၁)အရ တရားစွဲခံထားရသည့် အသက် ၆ဝ ဝန်းကျင်ခန့်ရှိကြသော သက်ကြီးပိုင်းနှစ်ဦးသည်လည်း ဖမ်းဆီးချုပ်နှောင်ခံခဲ့သည်မှာ ၆ လခန့်ကြာမြင့်ပြီးနောက် ၄င်းတို့အား စွဲဆိုထားသည့်အမှုမှာ မှားယွင်းမှုဟုဆိုကာ ရသေ့တောင်မြို့နယ်တရားရုံးက ဇူလိုင်လ ၃၁ ရက်နေ့တွင် လွှတ်ပေးခဲ့ကြောင်းလည်း သိရသည်။