ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

AA နှင့်ဆက်စပ်သံသယဖြင့် စွပ်စွဲဖမ်းဆီးခံထားရသူ ၅၈ ဦးကို စစ်တွေတွင်တစ်နေ့တည်းရုံးထုတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 761

ချစ်အိလှိုင်
နိရဥ္စရာ၊ စက်တင်ဘာ ၁၂/၂ဝ၁၉

ရက္ခိုင့်တပ်တော်(AA) နှင့်ပတ်သက်သည်ဟုဆိုကာ ဖမ်းဆီး တရားစွဲခံထားရသူ ၅၈ ဦးအား စစ်တွေခရိုင်တရားရုံး၌ ယနေ့ စက်တင်ဘာလ ၁၂ ရက်နေ့တွင် တပြိုင်တည်း ရုံးထုတ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ၅၈ ဦးမှာမြောက်ဦးမြို့နယ် လက္ကာကျေးရွာမှ ၂၂ ဦး၊ ပေါက်တောပြင်ကျေးရွာ မှ  ၆ ဦး ၊ ကျောက်ဆည်ပြင်ကျေးရွာမှ ၂၄ ဦး၊ တင်းထိန်ကန်ကျေးရွာမှ ၂ ဦး၊ စေတီတောင်ကျေးရွာမှ ၁ ဦးနှင့်၊ ကျောက်တော်မြို့အထက်ပိုင်း သံတောင်ကျေးရွာမှ ၃ ဦး တို့ဖြစ်ကြသည်။ 

လက္ကာအမှုအား လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ကိုအေးထွန်းမောင်က “ဒီနေ့ လက္ကာအမှုကို လိုပြသက်သေ ဖြစ်တဲ့ အုပ်ချုပ်ရေးမှူးနဲ့ ရဲကိုပဲစစ်ဖို့ရှိတာပါ။ သူတို့လည်း မရောက်ဘူးထင်တယ်။ မစစ်လိုက်ရဘူးဗျ။ ကျနော်က ဒီအမှုကို အစားဝင်ပေးရတဲ့ရှေ့နေပါ။ အမှု လက်ခံ ဆောင်ရွက် နေတဲ့ရှေ့နေက ခရီးလွန်နေလို့ပါ။ ကျနော်က ဒီအမှုကို ပါဝါ တင်ထားတာမဟုတ်လို့အမှုအကြောင်း ကျနော်တိတိကျကျ မသိပါဘူး”ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ဖမ်းဆီးခံထားရသူ ၅၈ ဦးအား အကြမ်းဖက်အက် ဥပဒေပုဒ်မ အပါအဝင် ဆက်သွယ်ရေးဥပဒေပုဒ်မ၊ လက်နက် ဥပဒေပုဒ်မ စသည့်ပုဒ်မတို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှ ဖမ်းဆီးခံနေရသူ ဦးခင်မောင်စိုး၏ ဇနီးက ဒေါ်သိန်းမျှယဉ်က “ရွာကိုလာပြီး ဘာအပြစ်မှ မရှိဘဲ ဖမ်းသွားပါ။ ဧပြီလ ၁၂ ရက်နေ့ကပါ။ အမှုကို ဒီနေ့ တစ်မှု ထပ်တိုးတယ်လို့ ကျမယောက်ျားက ပြောသွား ပါတယ်။ တစ်လမှာ ရုံးချိန်း နှစ်ခါ သုံးခါတင်နေတယ်။ ဘယ်ပုဒ်မ မှန်းလည်း ကျမတို့မသိဘူး။ လက်နက်ကိုင် အမှု တိုးတယ်လို့ ပြောပါတယ်။ ဘာလက်နက်မှ မကိုင်ထားတာကို ဖမ်းသွားတာပါ။ အပြစ်မရှိတာကို သိသိနဲ့လုပ်နေတာပါ။ ကျမယောက်ျားမှာ အပြစ်မရှိပါဘူး။ ပြန်လွှတ်ပေးကြပါလို့ပြောချင်ပါတယ်” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော် (AA)နှင့် ပတ်သက်သည်ဟု သံသယဖြင့် စွပ်စွဲ ဖမ်းဆီးခံနေရသူပေါင်း ၂ဝဝ ခန့်ရှိနေပြီဟုလည်း သိရသည်။

(ယနေ့ ရုံးထုတ်လာစဉ်)

ဆက်စပ် သတင်းများ