သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

အကြမ်းဖက်ဥပဒေဖြင့် ဖမ်းဆီးစစ်ဆေးခံနေရသည့် ဆရာတော်နှစ်ပါးနှင့် လူငယ်၃ဦးအား ရုံးထုတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 1.9k

ချစ်အိလှိုင်
နိရဥ္စရာ၊ စက်တင်ဘာ ၁၇/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့မှ အကြမ်းဖက်ဥပဒေဖြင့် တရားစွဲဆို ဖမ်းဆီးခံနေရသည့် ဆရာတော်နှစ်ပါးနှင့် လူငယ် ၃ ဦးအား ယနေ့ နေ့လယ်က စစ်တွေခရိုင်တရားရုံးတွင် ရုံးထုတ်ခဲ့သည်။

အဆိုပါ ဖမ်းဆီးစစ်ဆေးခံနေရသည့်ဆရာတော်များမှာ ပုဏ္ဏားကျွန်းမြို့ ဂူဝ ဘုရားတောင်ပေါ် သီရိမဇ္ဇူ ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဦးသုဝဏ္ဏ (ဝါတော်-၂ဝ)  နှင့် မြောက်ဦးမြို့ ဆင်ချဆိပ်ရပ်ကွက် ဂန္ဓမာတောင်ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်ဦးဥာဏ (ဝါတော် ၂၃) တို့ ဖြစ်ကြသည်။

ဆရာတော် ၂ ပါးအတူ ရုံးထုတ်ခံရသူ လူငယ် ၃ဦးမှာ ပုဏ္ဏားကျွန်း ကျွဲထိုးကျေးရွာမှ မောင်ကျော်ဆန်း (၂၆)နှစ်၊ ပေါက်တောမြို့ရပ်ကွက်(၄) မှ မောင်မြထွန်း(၂၂)နှစ်နှင့် ရသေ့တောင်မြို့နယ် မှန်နီပြင်ကျေးရွာမှ မောင်ဦးသိန်းဟန် (၂၄)နှစ်တို့ ဖြစ်ကြကြောင်း သိရသည်။

ဆရာတော်ဦးသုဝဏ္ဏ၏မယ်တော်ဖြစ်သူက "ဆရာတော်က အသက် ၁၂ နှစ်ကတည်းက လူဝတ်စွန့်တာပါ။ ဘွဲ့ ၉ ဘွဲ့ရပါပြီ ။ အခုလည်း သိက္ခာတော် မပျက်အောင်နေပါတယ်လို့ပြောပါတယ်။ စစ်တွေကို စာမေးပွဲသွားရောက်ဖြေဆိုပြီး မြောက်ဦးက ဆရာတော်ကို လိုက်ပို့တာပါ။ အဲဒီမှာ လမ်းကဖမ်းသွားတာပါ။ စိတ်မကောင်းဖြစ်ရပါတယ်"ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

အဆိုပါ ဆရာတော် ၂ ပါးနှင့် လူငယ်များအား ဧပြီလ ၁ ရက်နေ့ ညတွင် ဖမ်းဆီးခေါ်ဆောင်သွားကာ စစ်ကြောရေး လုပ်ဆောင်ခဲ့ကြောင်း မိသားစုဝင်များမှ သိရသည်။

"ဧပြီလ ၁၆ ရက်နေ့မှာ စတင်တရားရုံးတင်ပါတယ်။ အဲဒီနေ့မတိုင်ခင်က စစ်ကြောရေးလုပ်တာမှာ ရိုက်နှက်တာတွေရှိတယ်။ ညအချိန်မတော်ထခိုင်းပြီး စစ်တယ်။ ရိုက်တယ်လို့ပြောပါတယ်။ ရုံးတင်တဲ့နေ့ ကျနော်တို့နဲ့တွေ့ခွင့်ရတော့  ကလေးတွေမှာရော ဆရာတော်တွေမှာပါ ဒဏ်ရာတွေနဲ့ပါ။ စိတ်မကောင်း ဖြစ်ရပါတယ်"ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

အဆိုပါအမှုအား လိုက်ပါဆောင်ရွက်နေသူရှေ့နေမှာ ခရီးလွန်သောကြောင့် တပည့်ဖြစ်သူတရားလွှတ်တော်ရှေ့နေ ဒေါ်ဝင်းဝင်းဇံ က အစားထိုးဝင်ရောက်ခဲ့ကြောင်း သိရသည်။

ရှေ့နေဒေါ်ဝင်းဝင်းဇံက " ဒီနေ့ လိုပြသက်သေတစ်ဦးကို စစ်ပါတယ်။ နေပြည်တော်က အိုင်တီဆိုင်ရာကျွမ်းကျင် အရာရှိကိုပါ။ ဆရာတော်တို့ဖုန်းကပါတဲ့ အချက်အလက်တွေကိုစစ်ဆေးချက်တင်တာပါ။ ကျန်တာဘာမှမထူးပါဘူး" ဟု ပြောသည်။

အဆိုပါအမှုအား စက်တင်ဘာ ၂၄ ရက်နေ့တွင် ထပ်မံ ရုံးချိန်းခေါ်ယူထားကြောင်း သိရသည်။

လက်ရှိ် ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုသံသယဖြင့် ဖမ်းဆီးစစ်ဆေးခံနေရသူ ဦးရေ ၂ဝဝ နီးပါးခန့်ရှိနေပြီဟု သိရသည်။

ဆက်စပ် သတင်းများ