သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

AA နှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံထားရသူ ၁၅ ဦးကို အောက်တိုဘာလ ၄ ရက်နေ့က ရုံးထုတ်ခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 694

ဆောင်းဇာခြည်
နိရဥ္စရာ၊ အောက်တိုဘာ ၅/ ၂ဝ၁၉

ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ် သံသယဖြင့် ဖမ်းဆီးခံထားရသော ၁၅ ဦးကို အောက်တိုဘာ ၄ ရက်နေ့ ၌ စစ်တွေမြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့ကြောင်း သိရသည်။

၄င်းတို့မှာ ရသေ့တောင်မြို့နယ် ပြာပင်ရင်းကျေးရွာမှ ၁ ဦး၊ မှန်နီပြင်ကျေးရွာမှ ၁ ဦး၊ ရသေ့တောင်မြို့ပေါ်မှ ၁ ဦး၊ မြေပုံမြို့နယ် ယိုးချောင်းကျေးရွာမှ ၁ ဦး၊ ပေါက်တောမြို့နယ် ရွာချောင်း ကြီးကျေးရွာမှ ၁ ဦး၊ မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာမှ ၂ ဦးနှင့် မြိုချောင်းကျေးရွာမှ ၂ ဦး၊ ကျောက်တော်မြို့နယ် မင်းသားတောင်ကျေးရွာမှ အုပ်ချုပ်ရေးမှူးနှင့် ကျောင်းတကာကြီး ၁ ဦး၊ မြောက်ဦးမြို့မှ ဆရာတော် ၁ ပါးနှင့် ပုဏ္ဏားကျွန်းမြို့မှ ဆရာတော် ၁ ပါး၊ ပုဏ္ဏားကျွန်း ကျွဲထိုးကျေးရွာမှ ၁ ဦး၊ ပေါက်တောမြို့မှ ၁ ဦးတို့ ဖြစ်ကြောင်း သိရသည်။

မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာမှ ဖမ်းဆီးခံထားရသည့် စိုးဝင်းနိုင်၏ မိခင်ဖြစ်သူကလည်း “ကျွန်မသားလေးကို ဖမ်းထားတာ ၆ လရှိပါပြီ။ အခုလိုဖြစ်နေတော့ ကျွန်မတို့ ရုံးတက်ဖို့အတွက် နယ်ကလာရတာ မလွယ်ပါဘူး။ စီးပွားရေးလည်း သူအချုပ်ထဲ ရောက်နေတော့ အရမ်းအကျပ်အတည်းနဲ့ ကြုံတွေ့ရပါတယ်”ဟု ပြောသည်။

မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာမှ ၂ ဦးနှင့် မြိုချောင်းကျေးရွာမှ ၂ ဦးတို့ကို ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့မှ သံသယဖြင့်ဖမ်းဆီးခံထားရခြင်းဖြစ်သည်။

ပန်းမြောင်းကျေးရွာမှ ၂ ဦးနှင့် မြိုချောင်းကျေးရွာမှ ၂ ဦးတို့အား ကူညီဆောင်ရွက်ပေးနေသည့် တရားလွတ်တော် ရှေ့နေ ဦးကျော်ညွှန့်မောင်က “တရားလိုက အကြမ်းဖက်ဥပဒေတွေနဲ့ စွဲထားတယ်။ စွဲချက်တင်ဖို့ မတင်ဖို့ကို အခုလို ရုံးထုတ်ပြီး စစ်ဆေးနေရတာပါ။ တရားလိုသက်သေက မရောက်တော့ အမှုကို စွဲချက်တင်ဖို့ မတင်ဖို့ကို အတည်ပြုလို့ မရပါဘူး”ဟု နိရဥ္စရာသို့ ပြောသည်။

မြောက်ဦးမြို့နှင့် ပုဏ္ဏားကျွန်းမြို့မှ ဆရာတော် ၂ ပါးတို့မှာ ယနေ့ ရုံးထုတ်ခဲ့ရာ အမှုခိုင်လုံမှုမရှိသောကြောင့် လွတ်မြောက်ခဲ့ပြီး ပုဏ္ဏားကျွန်းမြို့မှ ဆရာတော်မှာ ကားလိုင်စင် အမှုဖြင့် ထပ်မံတရားစွဲဆိုခံရကြောင်း သိရသည်။

ရသေ့တောင်မြို့နယ် ပြာပင်ရင်းကျေးရွာမှ ဖမ်းဆီးခံထားရသူ မောင်နေလင်းထွန်း၏ ဖခင်က“ကျွန်တော့်သားလေးက ဆယ်တန်းတက်နေတာပါ။ ဒီစစ်တွေတရားရုံးမှာက ၄ ယောက်တည်း ရုံးထုတ်တာပါ။ ရမန်ထပ်ယူတာပေါ့နော်။ ပထမတစ်ကြိမ် ရမန်ယူပြီးပါပြီ။ ကျွန်တော့်သားလေးက အသက်မပြည့်သေးလို့ ကလေးသူငယ်ရုံးကို ပြောင်းဖို့အတွက် ဒီနေ့ ရုံးချိန်းမှာ ပြောကြပါတယ်။ ရုံးချိန်းကို ၁၈ ရက်နေ့ ထပ်ချိန်းလိုက်ပါတယ်။”ဟု ပြောသည်။

၎င်းတို့ ၄ ဦး အပါအဝင် ရခိုင်လူငယ် ၁၁ ဦးသည်  ဇူလိုင်လ ၂၇ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်၌ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး၊ ၄ ဦးကို ယမန်နေ့က စစ်တွေမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့သလို ကျန် ၇ ဦးအား ပုဏ္ဏားကျွန်းမြို့ရှိ တရားရုံးတွင် ရုံးထုတ်ခဲ့ကြောင်း သိရသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည့် သံသယဖြင့် ဖမ်းဆီးစစ်ဆေးခံနေရသူဦးရေ ၂ဝဝ နီးပါးခန့်ရှိနေပြီဟု သိရသည်။

ဆက်စပ် သတင်းများ