ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ဦးဘိုဘိုမင်းသိုက်လုပ်ကြံခံရမှုတွင် ဦးကျော်မြင့်ထောင်၁ဝနှစ်ချမှတ်ခံရ၊ သားဖြစ်သူလွှတ်ပြီးမှထပ်ဖမ်းခံရ၊ ပိုင်ဆိုင်မှုများအားလုံးသိမ်းဆည်းခံရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 3.6k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ အောက်တိုဘာ ၁၄/၂ဝ၁၉

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ယခင်အုပ်ချုပ်ရေးမှူး ဦးဘိုဘိုမင်းသိုက် လုပ်ကြံခံရမှုနှင့် ကားမီးရှို့ခံရမှုတို့တွင် အားပေး ကူညီမှုတို့ဖြင့် တိမ်ညိုကျေးရွာ ယခင်အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်မြင့် (၄၈) နှစ်ကို ထောင် (၁ဝ) နှစ်ချလိုက်ပြီး  သားဖြစ်သူ ကိုမင်းသန်းဋ္ဌေး (၂၁) နှစ်မှာ အမှုမှ ကွင်းလုံးကျွတ် လွှတ်မြောက်ခဲ့သော်လည်း ထပ်မံ ဖမ်းဆီးခံလိုက်ရသည်ဟု ဦးကျော်မြင့်၏ ဇနီးဖြစ်သူ ဒေါ်ကြည်ကြည်ဝင်းက ပြောသည်။

“ မတရားထောင်ချခံရတာပါ။ အမှုအတွက် ဘာမှ သက်သေ အထောက်အထားမတွေ့ရှိပါဘူး။ အခု သားလည်း ဘာမှ အပြစ်မရှိတဲ့ အတွက်တရားရုံးက လွှတ်ပေးလိုက်ပါတယ်။ ဒါကို ပြန်ဖမ်းပြီး စစ်တွေ အမှတ် (၁) ရဲစခန်းမှာ ချုပ်ထားပါတယ်။ အိမ်တွေက အစ၊ လယ်တွေ၊ ကားတွေ အကုန်လုံးကို သိမ်းထားပါတယ်။ အဒေါ်မှာ ဘာဆို ဘာမှ မရှိတော့ဘူး” ဟု ဒေါ်ကြည်ကြည်ဝင်းက ပြောကြားသည်။

ဦးကျော်မြင့်နှင့် သားဖြစ်သူ ကိုမင်းသန်းဋ္ဌေးတို့အား ယခင်မြောက်ဦးအုပ်ချုပ်ရေးမှူး ဦးဘိုဘိုမင်းသိုက် အသတ်ခံရပြီး နောက်တစ်ရက် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့တွင် ဖမ်းဆီးခဲ့သည်။

သူတို့သားဖနှစ်ဦးအား အောက်တိုဘာ ၁၁ ရက်နေ့က စစ်တွေခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့ရာ ဦးကျော်မြင့်အား အမှုနှစ်ခုဖြင့် ထောင် (၁ဝ) နှစ်ချမှတ်ခဲ့ပြီး သားဖြစ်သူ  ကိုမင်းသန်းဋ္ဌေးမှာ ပြစ်မှု မမြောက်သဖြင့် တရားရှင် လွှတ်ပေးခဲ့သည်။

သူတို့အမှုအား လိုက်ပါဆောင်ရွက်ပေးခဲ့သူ ရှေ့နေ ဦးစံရွှေမောင်က “ ဦးကျော်မြင့်ကို ပုဒ်မ ၂ ခုနဲ့ ချတာပါ။ ပထမ တစ်မှုက လူသတ်မှု အားပေးကူညီမှု ပုဒ်မ ၃ဝ၂(၂)/၁ဝ၉ နဲ့ ထောင် ၁ဝ နှစ်၊ နောက်တစ်မှုက ကားမီးရှို့တာကို အားပေး ကူညီမှု ပုဒ်မ ၄၃၅/၁ဝ၉ နဲ့ ၅နှစ်ပါ။ အမှုနှစ်ခု တစ်ပေါင်းတည်းကျခံစေဖို့ အမိန့်ချတဲ့ အတွက် ထောင် ၁ဝ နှစ်ကျခံရမှာ ဖြစ်ပါတယ်။ ဦးကျော်မြင့်ရဲ့ သားကိုတော့ အမှုမှာ ပြစ်မှု မမြောက်တဲ့ တရားရှင် ပြန်လွှတ်ပါတယ်။ ဒါပေမယ့် သူ့ကို ပြန်ဖမ်းပြီး နောက်တစ်မှုနဲ့ အမှုဖွင့်တယ်လို့ ကြားရပါတယ်” ဟု ပြောကြားသည်။

ဦးကျော်မြင့်အတွက် အယူခံ ဝင်သွားမည်ဖြစ်ကြောင်း၊ သားဖြစ်သူ ကိုမင်းသန်းဋ္ဌေးကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) ဖြင့် ထပ်မံ တရားစွဲဆိုထားကြောင်း ဦးကျော်မြင့်၏ ဇနီးဖြစ်သူ ဒေါ်ကြည်ကြည်ဝင်းက ပြောကြားသည်။

ယခင်မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဘိုဘိုမင်းသိုက်သည် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၃ဝ ရက်နေ့က မြောက်ဦးမြို့မှ စစ်တွေသို့ ပြောင်းရွှေ့စဉ် ပုဏ္ဍားကျွန်းမြို့နယ် အရောက်တွင် ကားထဲ၌ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။ ၎င်းပြင် သူစီးလာသောကားလည်း မီးရှို့ခံရသည်။

သူ သတ်ဖြတ်ခံရမှုမှာ ဇန်နဝါရီလ ၁၆ ရက်က ရခိုင်ဘုရင့်နိုင်ငံ အချုပ်အခြာအာဏာ ကျဆုံးခြင်း ၂၃၃ နှစ်ပြည့် ဝမ်းနည်းဖွယ် အခမ်းအနား ကျင်းပခွင့် မရခြင်းကြောင့် ဒေသခံများက မြောက်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ရုံး ရှေ့တွင် ကြွေးကြော်သံများ အော်ဟစ်ပြီး ဆန္ဒပြရာ ရဲတပ်ဖွဲ့ဝင်များက ပစ်ခတ်သဖြင့် ရခိုင်လူငယ် ၇ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်နှင့် ဆက်စပ်မှု ရှိကြောင်း ပြည်ထဲရေးက ၎င်းနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ အမှုကိစ္စနှင့် ပတ်သက်ပြီး ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့၌ ဦးကျော်မြင့်နှင့် ဇနီးဖြစ်သူ ဒေါ်ကြည်ကြည်ဝင်း၊ သားဖြစ်သူ ဦး မင်းသန်းဌေး(ခ) မင်းသန်းထိုက်နှင့် သူ၏ ဇနီးတို့ကို ဖမ်းဆီးခဲ့သည်။

နောက်ပိုင်းတွင် ဇနီးဖြစ်သူ ဒေါ်ကြည်ကြည်ဝင်းနှင့် ချွေးမဖြစ်သူတို့အား လွှတ်ပေးခဲ့ပြီး  ဦးကျော်မြင့် (ခ) ခိုင်ကျော် နှင့် ဦးမင်းသန်းဌေး (ခ) မင်းသန်းထိုက်တို့ ၂ဦးတို့အား ဆက်လက် ဖမ်းဆီးထားခဲ့ပြီး ယခု လ ၁၁ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ် သတင်းများ