သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

အကြမ်းဘက်ပုဒ်မဖြင့် စွပ်စွဲခံထားရသည့်ကျောက်တော်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦး အပါအဝင် လူ ၅ ဦးအား ရုံးထုတ်စစ်ဆေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 5.4k

ချစ်အိလှိုင်
နိရဥ္စရာ၊ အောက်တိုဘာ ၁၈/၂ဝ၁၉

အကြမ်းဖက် ဥပဒေပုဒ်မဖြင့် စွပ်စွဲ ဖမ်းဆီးတရားစွဲခံနေရသည့် ကျောက်တော်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦး အပါအဝင် လူ ၅ ဦးကို စစ်တွေခရိုင်တရားရုံး၌ ယနေ့ ရုံးထုတ်ခဲ့ပြီး သက်သေများကိုစစ်ဆေးခဲ့သည်ဟု သတင်းရရှိသည်။

ရုံးထုတ်ခဲ့သူများမှာ ကျောက်တော်မြို့နယ် မင်းသားတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သိန်းကျော်(၅၁)နှစ်၊ ရွှေပြည်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းစောအောင်(၄၇)နှစ် ၊ဦးကျန်သိန်းအောင် (၅၈)နှစ်၊ဦးမောင်မဲ (၅၄)နှစ်နှင့် ဦးပြည်သိန်းမောင် (၄၃)နှစ် တို့ဖြစ်သည်။

၄င်းတို့အားပြီးခဲ့သည့် ၂ဝ၁၉ မေလ ၂၂ ရက်နေ့နှင့် ၂၉ ရက်နေ့တို့တွင် ရက္ခိုင့်တပ်တော်(AA) အား ရိက္ခာ ထောက်ပံ့ပေးနေသည်ဟုဆိုကာ နေအိမ်များမှ ဖမ်းဆီးခြင်းသွားခြင်းဖြစ်ကြောင်း မိသားစုဝင်များ ထံမှသိရသည်။

“ဒီနေ့ရုံးချိန်းမှာ မင်းသားတောင်က သက်သေတွေကိုစစ်တာပါ။အမှုအခြေအနေက ဘယ်လိုဖြစ်နေလည်း မသိပါဘူး။ နောက်တစ်ပတ်ရုံးချိန်းကို နှစ်ဖွဲ့ခွဲလိုက်ပါတယ်။ရက်မတူတော့ပါဘူး။ဖမ်းထားတာလည်းကြာ ပါပြီ။ မြန်မြန် လွှတ်စေချင်ပါတယ်” ဟု မင်းသားတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး၏ဇနီးဖြစ်သူ ဒေါ်ဦးချမ်းနုက နိရဥ္စရာ သတင်းဌာနအားပြောသည်။

၄င်းမှုအားလိုက်ပါဆောင်ရွက်နေသူ တရားလွှတ်တော်ရှေ့နေဒေါ်အေးနုစိန်ကလည်းအမူမှာ စစ်ဆေးနေဆဲ ဖြစ်သောကြောင့် ထူးခြားမှုမရှိသေးကြောင်းပြောသည်။

“အမှုက စစ်နေတုန်းဘဲ။ သက်သေပါရင် သက်သေစစ်မှာပဲလေ အမှုတစ်မှုမှာ ၊အခြေနေကပြော လို့မရသေးဘူး။ လာမယ့် အပတ်မှာ ၅ ယောက်အတူရုံးမထုတ်ဘူး။နှစ်ဖွဲ့ခွဲစစ်မယ်။အမှုကတော့ အကြမ်းဖက် ဥပဒေ အမှုပဲပေါ့” ဟုပြောသည်။

လာမည့် အောက်တိုဘာလ ၂၃ ရက်နေ့တွင် ရွှေပြည်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းစောအောင်၊မင်းသား တောင်ကျေးရွာသားများဖြစ်သည့် ဦးမောင်မဲ၊ဦးပြည်သိန်းမောင် တို့ကို ရုံးချိန်း ရီမန်ပေးခဲ့ပြီး၊အောက်တိုဘာ ၂၅ ရက်နေ့တွင် မင်းသားတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်သိန်းကျော်နှင့် မင်းသားတောင်ကျေးရွာသား ဦးကျန်သိန်းတို့ တို့ နှစ်ဦးကို ရုံးချိန်ရီမန်ပေးခဲ့ကြောင်း ရှေ့နေ ဒေါ်အေးနုစိန်က ပြောသည်။
 

ဆက်စပ် သတင်းများ