သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

အကြမ်းဖက်မှုပုဒ်မဖြင့် ၄ လကြာ ဖမ်းဆီးချုပ်နှောင်ခံရပြီးမှ မှားယွင်းစွာ တရားစွဲဆိုမှုဟုဆိုကာ ဘူးသီးတောင်မှ ကျောင်းဆရာနှစ်ဦးထဲက တစ်ဦးကို ပြန်လွှတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 9.5k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဒီဇင်ဘာ ၃ / ၂ဝ၁၉

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် အကြမ်းဖက်မှုပုဒ်မဖြင့် တရားစွဲခံနေရသည့်ကျောင်းဆရာနှစ်ဦးအနက် မူလတန်းပြကျောင်းဆရာကိုနေဇော်လင်းကို မှားယွင်းစွာ တရားစွဲဆိုမှုဟုဆိုကာ အချုပ်ခန်းထဲတွင် ၄ လအကြာ  နေထိုင်ခဲ့ရပြီးမှ ယနေ့တွင် ပြန်လွှတ်ပေးလိုက်သည်ဟု သတင်းရရှိသည်။

လွတ်မြောက်သွားသူမှာ မူလတန်းပြကျောင်းဆရာ ဦးနေဇော်လင်း(၂၇ နှစ်)ဖြစ်ပြီး သူ့အား မှားယွင်းစွာ တရားစွဲဆိုမှုဟုဆိုကာ ဒီဇင်ဘာလ ၃ ရက်နေ့ ညနေ ၂ နာရီခန့်တွင် ဘူးသီးတောင်မြို့နယ်တရားရုံးက စွဲချက်မတင်ဘဲ လွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု ကာယကံရှင် ကိုနေဇော်လင်းက နိရဥ္စရာသို့ ပြောသည်။

သူသည် ပြီးခဲ့သည့် သြဂုတ်လ ၅ ရက်နေ့ နံနက်ပိုင်းက ဘူးသီးတောင်မြို့နယ် သရက်ပြင်ကျေးရွာတွင် စာပြပြီး၍ ကြာညိုပြင်ကျေးရွာသို့ အပြန်လမ်းတွင် တပ်မတော်စစ်ကြောင်းတစ်ခု၏ သံသယဖြင့် ဖမ်းဆီးခြင်းကို ခံခဲ့ရသူဖြစ်သည်။

"ကျနော် ဒီနေ့လွတ်မြောက်လာတာပါ။ ကျနော့်ကို စွဲချက်တင်ဖို့အတွက် အဆင်မပြေဘူးလေ။ သူတို့ စွပ်စွဲရာကျတယ်ပေါ့။ ကျနော်က စာပြလို့ ပြန်လာတယ်လေ။ ပြန်လာချိန်မှာ တစ်ခုမှ မဆီမဆိုင်ဘဲ ကောက်ပြီး ဖမ်းယူသွားတယ်။ AA က ဆိုပြီးတော့ စွပ်စွဲတယ်။ ဖမ်းယူသွားတယ်။ တစ်ခါတည်း စစ်သားတွေ ရဲဆီကိုအပ်၊ ရဲက ထောင်ချုပ်ဆီပို့ အဲလိုရောက်သွားတာ။ ကျွန်တော်က ဘာမှ ပတ်သက်မှုမရှိပါ"ဟု လွတ်မြောက်လာသူ ကိုနေဇော်လင်းက ပြောသည်။

လွတ်မြောက်လာသည့် မူလတန်းပြကျောင်းဆရာ ဦးနေဇော်လင်းသည် ရသေ့တောင်မြို့နယ် မညှင်းတောင် ကျေးရွာဇာတိဖြစ်ပြီး ဘူးသီးတောင်မြို့နယ် ကြာညိုပြင်ကျေးရွာတွင် တာဝန်ကျနေသည့် ကျောင်းဆရာ တစ်ဦးဖြစ်သည်။
 
တပ်မတော်စစ်ကြောင်းများသွားလာလှုပ်ရှားမှုများကို သူ၏ facebook messenger မှတဆင့် AA အဖွဲ့ထံ ဆက်သွယ်ပေးပို့ထားသည်ကို တွေ့ရှိခဲ့သည့်အတွက် ယခုလိုဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု တပ်မတော်ဘက်က သြဂုတ်လ ၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် အကြမ်းဖက်မှုပုဒ်မ ၅၂ (က)ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

၄ လခန့်အကြာ ဖမ်းဆီးစစ်ဆေးခံခဲ့ရပြီးနောက် အမှုမသေချာသဖြင့် မှားယွင်းစွာ တရားစွဲဆိုမှုဟုဆိုကာ ယနေ့တွင်  လွတ်မြောက်လာခြင်းလည်းဖြစ်သည်။

"စိတ်ပိုင်းဆိုင်ရာကပင် ဆုံးရှုံးသွားတယ်လို့ ခံစားရပါတယ်။ စိတ်တွေ ညစ်သွားတယ်။ အချိန်တွေ၊ လွတ်လပ်မှုတွေ၊ ငွေရေး၊ ကြေးရေး အစစအရာရာ အားလုံး ဆုံးရှုံးသွားတယ်။"ဟု ကိုနေဇော်လင်းက ဆိုသည်။

သူဖမ်းဆီးခံရပြီးနောက် သြဂုတ်လ ၉ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် ကျောက်ရံကျေးရွာမှ မူလတန်းပြ ကျောင်းဆရာ ကိုနိုင်အောင်ထွန်း (၂၉ နှစ်)ကိုလည်း ဖမ်းဆီးပြီး အကြမ်းဖက်မှုပုဒ်မ ၅၂ (က)ဖြင့် တရားစွဲဆိုထားသည်ဟု သိရသည်။

------------------------------

Unicode:








 




ဆက်စပ် သတင်းများ