ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

တောင်ကုတ်မှ ဖမ်းဆီးခံထားရသူ ကိုဇေယျကျော်တို့သုံးဦး ပထမအမှုမှလွတ်ပြီး အမှုနောက်တစ်ခုဖြင့်ထပ်မံတရားစွဲသည်ဟုကြားရ၍ မိသားစုများစိုးရိမ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ မေ ၂၀၂၀
  • | ကြည့်ရှုသူ: 9.4k

အိမ်စိုးဖြူ

နိရဥ္စရာ၊ မေ ၂၅/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ပေါ်မှ အကြမ်းဖက်ပုဒ်မဖြင့် အမှုဖွင့် ဖမ်းဆီးခံထားရသည့် ရခိုင်အမျိုးသားပါတီ (ANP) မြို့နယ်ဒုဥက္ကဋ္ဌ ဦးဝေသောင်း၊ တောင်ကုတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဦးဇေယျကျော်၊ မြို့နယ် စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌဟောင်း ဦးစန်းငွေတို့ကို ရမန်ကြီး နှစ်ပတ် ပြည့်သွားပြီ ဖြစ်သဖြင့် ယနေ့မေလ ၂၅ ရက်နေ့တွင် တောင်ကုတ်မြို့နယ် တရားရုံးတွင် ရုံးထုတ်ရမည်ဖြစ်သော်လည်း ၎င်းတို့ သုံးဦးစလုံး တရားရုံးတော်သို့ ရောက်ရှိလာခြင်း မရှိကြောင်း သိရသည်။ 

သို့အတွက် မိသားစုများအနေဖြင့် အထူးစိုးရိမ်နေကြသည်ဟု သတင်းရရှိသည်။ 

၎င်းတို့၏ အမှုအားလိုက်ပါဆောင်ရွက်ပေးမည့် အထက်တန်းရှေ့နေ ဦးရာဇာထွန်းက “ ကျွန်တော်ကို ကိုဇေယျကျော်နဲ့ ကိုစန်းငွေတို့ရဲ့ အမျိုးသမီးတွေ ပြောပြတာက ရမန်ကြီး နှစ်ပတ် ပြည့်သွားပြီ ဖြစ်တဲ့ အတွက် ဒီကနေ့မှာ ရုံးထုတ်ရမှာ ဖြစ်တာကြောင့် သူတို့ရဲ့ မိသားစုတွေ တောင်ကုတ် မြို့နယ် တရားရုံးမှာ သွားစောင့်ကြတယ်တဲ့။ ဒါပေမယ့် သူတို သုံးဦးစလုံးကို ရုံးထုတ်တာကို မတွေ့ရတဲ့ အတွက် တရားသူကြီးကို သွားမေးကြတယ်လို့ ပြောတယ်။ တရားရုံး တာဝန်ရှိသူတွေက သူတို့သုံးဦးစလုံးကို ပထမအမှုကနေ လွတ်လိုက်ပြီလို့ ပြောတယ်။ ဒါဆိုရင် သူတို့ ဘယ်မှာလဲဆိုပြီး မေးတော့ နောက်ထပ် အမှုတစ်ခုနဲ့ ရန်ကုန်မှာ ထပ်စွဲတယ်လို့ ကြားတယ်လို့ ပြောတယ်။ သိချင်ရင် ရဲစခန်းကို သွားမေးကြဆိုတော့ မိသားစုတွေက တောင်ကုတ် ရဲစခန်းကို သွားမေးကြတယ် လို့ သိရတယ်” ဟု ပြောသည်။ 

၎င်းနောက် မိသားစုများမှ ရဲစခန်းသို့ သွားမေးကြရာ ရဲစခန်းမှလည်း ဦးဝေသောင်း၊ ကိုဇေယျကျော်နှင့် ကိုစန်းငွေတို့ကို ပထမအမှုမှ လွှတ်လိုက်ပြီဖြစ်ကြောင်း၊ နောက်ထပ် အမှုတစ်ခုဖြင့် ရန်ကုန်တွင် ထပ်စွဲပြီး ရမန်ယူသည်ဟု ကြားသိရကြောင်း၊ မည်သည့်အမှုဖြင့် ထပ်မံ တရားစွဲပြီး မည်သည့် မြို့နယ်တရားရုံးတွင် ရမန်ယူသည်ကို မသိရကြောင်း ပြောကြားလိုက်သည်ဟု ဆိုသည်။ 

 “ကျွန်တော်တို့ကအမှုကို ပါဝါယူဖို့ လုပ်နေတာပါ။ ဒီနေ့မှာ ဦးဝေသောင်း၊ ဦးဇေယျကျော် နဲ့ ဦးစန်းငွေတို့ကို ၁၆၉ (စုံးစမ်းစစ်ဆေးမှုတွင် မပေါ်ပေါက်) နဲ့ ပြန်လွှတ်ပေးမယ်လို့ကြားတယ်။ ကိုယ့်စိတ်မှာသိလိုက်တာက သူတို့လွတ်တယ် ထင်တာပေါ့။ မိသားစုကိုသွားမေးတော့ မလွတ်ဘူး။ အမှုနောက်တစ်ခုနဲ့ ထပ်ဖမ်းထားတယ် လို့ ပြောတယ်။ ပြီးတော့ ကိုဇေယျကျော်ရဲ့ညီ ကိုစည်သူကျော်ဇံကို စစ်ဆေးစရာရှိတယ်ဆိုပြီး ရဲကဒီနေ့ ခေါ်သွားတာပါ”ဟု ပြောသည်။

တောင်ကုတ်မြို့နယ် ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဦးဝေသောင်း၏ သမီးဖြစ်သူ မနှင်းဝေဝေဖြိုးက “ပထမ အမှုကို လွတ်တယ်ဆိုပြီးရဲစခန်းကပြောတယ်။ နောက်ထပ်အမှုတစ်ခုနဲ့ ရမန်ထပ်ယူတယ်လို့ပြောတယ်။ အဖေတို့ကို ဒီကနေ့ ရမန်ယူရင် တွေ့ရမယ်လို့မျှော်လင့်ထားတာ။ အခု တရားရုံးကိုလည်းမရောက်လာဘူး။ ခုလို လုပ်တာ လုပ်ထုံးလုပ်နည်းမကျဘူးလို့ ထင်တယ်။ ကျွန်မတို့ အမေနဲ့ ဆွေမျိုးတွေက စိတ်ပူပန် နေကြတယ်။ ဒီနေ့ တစ်ခါ ဦးဇေယျကျော်ရဲ့ညီကို ရဲစခန်း မေးစရာရှိတယ်ဆိုပြီးခေါ်သွားတယ်လို့သိရတယ်” သူမက ဆိုသည်။

ယနေ့နံနက် ၁၁ နာရီခန့်တွင် ဦးဇေယျကျော်၏ ညီဖြစ်သူ ကိုစည်သူကျော်ဇံ(ခ)မိုင်ကယ်အား ရဲက ထပ်မံဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု သူမက ပြောဆိုသည်။ 

တောင်ကုတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဦးဇေယျကျော်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဟောင်း ဦးစန်းငွေတို့၏ မိသားစုများနှင့် ဆက်သွယ်ရန် ကြိုးစားသော်လည်း အဆက်အသွယ် မရသေးပါ။

အဆိုပါကိစ္စနှင့်ပတ်သက်၍ တောင်ကုတ်မြို့မရဲစခန်းသို့ နိရဥ္စရာသတင်းဌာနမှ ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိခဲ့ပါ။

တောင်ကုတ်မြို့နယ် စည်ပင်သာယာရေး ဥက္ကဋ္ဌ ဦးဇေယျကျော်ကို မေလ ၉ ရက်နေ့၊  မြို့နယ် စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌဟောင်း ဦးစန်းငွေအား မေလ ၁ဝ ရက်နေ့ နှင့် တောင်ကုတ်မြို့နယ် ANP ဒုဥက္ကဋ္ဌ ဦးဝေသောင်းကို မေလ ၁၁ ရက်နေ့တို့တွင် တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ပြီး ၎င်းတို့ ၃ ဦးအား မေလ ၁၁ ရက်နေ့က အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅ဝ(က)ဖြင့် တောင်ကုတ် မြို့နယ် တရားရုံးတွင် အမှုဖွင့်ကာ မေလ ၂၄ ရက်နေ့ထိချုပ်ရမန်ယူခဲ့သည်။ 

ထိုသို့ ရမန်ယူပြီးနောက် ချက်ချင်း သူတို့ သုံးဦးစလုံးကို ရန်ကုန်မြို့သို့ ရဲအစောင့်အရှောက်များဖြင့် ခေါ်ယူသွားခဲ့သည်ဟု သိရသည်။ 


ဆက်စပ် သတင်းများ