ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မောင်တောမြို့နယ် မိုင်းပေါက်ကွဲမှုတွင် အကြမ်းဖက်မှုဖြင့်အမှုဖွင့်ခံထားရသည့် လင်မယားနှစ်ဦး လွတ်မြောက်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ မေ ၂၀၂၀
  • | ကြည့်ရှုသူ: 1.6k

အိမ်စိုးဖြူ

နိရဥ္စရာ၊ မေ ၂၈/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မိုင်းပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ အကြမ်းဖက်မှုဖြင့် အမှုဖွင့်ခံထားရသည့် လင်မယားနှစ်ဦးကို ယနေ့ နေ့လယ် ၂ နာရီခန့်က မောင်တောမြို့နယ် တရားရုံးမှ အပြစ်မရှိဟုဆိုကာ လွတ်ပေးလိုက်ကြောင်း သိရသည်။

ပြန်လည် လွတ်မြောက်လာသူ ဇနီးမောင်နှံ နှစ်ဦးမှာ မောင်တောမြို့နယ်၊ အောင်ဗလ ကျေးရွာနေ ကိုမောင်ဝင်းလှိုင်(ခ) ညီဌေးချေ (၁၉)နှစ်နှင့် ဇနီးဖြစ်သူ မစန္ဒာဝင်း(၁၇)နှစ် တို့ဖြစ်သည်။

“အဖမ်းခံရပြီးကျွန်မတို့ နှစ်ယောက်လုံးကို ပြင်ဖြူ စခန်းအချုပ်ထဲမှာထားပါတယ်။ အဲဒီတုန်းက မိသားစု တွေနဲ့လည်း အဆက်သွယ်မရတော့ ကြောက်ကြတယ်။ ဒီနေ့ တရားရုံးက လင်မယားနှစ်ယောက်လုံးကို အပြစ် မရှိဘူးဆိုပြီး လွတ်ပေးလိုက်တာပါ”ဟု ပြန်လည်လွတ်မြောက်လာသူ မစန္ဒာဝင်းက နိရဥ္စရာသတင်းဌာနအား ပြောသည်။

၎င်းတို့နှစ်ဦးမှာ ဧပြီလ ၃ဝ ရက်နေ့က ဦးဒေါင်းကျေးရွာအနီးတွင် မျှစ်ခူးရန်သွားစဉ် မလှမ်းမကမ်းမှ မိုင်းပေါက်ကွဲသံကြားခဲ့ရကြောင်း၊ ၎င်းမိုင်းပေါက်ကွဲမှု ဖြစ်စဉ်တွင် ကွမ်းယာဆိုင်ရောင်းသူ ဦးအောင်သိန်းထွန်း(၄၈) သေဆုံးခဲ့ကြောင်း၊ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ၅ဝ(က)၊(စျ) တို့ဖြင့် ၎င်းတို့ လင်မယားနှစ်ဦးကို အမှုဖွင့်ခံခဲ့ရကြောင်း၊ ဇနီးဖြစ်သူ မစန္ဒာဝင်းကို မေလ ၁၄ ရက်နေ့တွင် အသက်မပြည့်သေးသဖြင့် အာမခံဖြင့် ပြန်လွတ်ပေးခဲ့ကြောင်း၊ ယနေ့ ရုံးချိန်းတွင် တရားသေ လွတ်ပေးခဲ့ကြောင်း  ကို မောင်ဝင်းလှိုင်၏ ဦးလေးဖြစ်သူ ဦးစံရဲကျော် က ပြောသည်။

ဧပြီလ ၃ဝ ရက်နေ့ က မာင်တောမြို့နယ် ဦးဒေါင်းကျေးရွာကင်းစခန်း အနီးတွင်  မိုင်းပေါက်ကွဲ၍ ကွမ်းယာဆိုင် ရောင်းသူ ဦးအောင်သိန်းထွန်း(၄၈)မှာ ရင်ဘက်ပွင့်ထွက်သွားပြီး ၎င်းဒဏ်ရာဖြင့် သေဆုံးခဲ့သည်။


ဆက်စပ် သတင်းများ