အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

တောင်ကုတ် ဦးဝေသောင်း၊ ဦးဇေယျကျော်တို့ ၄ ဦးကို အကြမ်းဖက်မှုနှင့် တရားစွဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 9.3k

ဆောင်းဇာခြည်

နိရဥ္စရာ၊ ဇွန် ၃ဝ/၂ဝ၂ဝ 

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှ ဖမ်းဆီးခံထားသူ ဦးဝေသောင်း၊ ဦးဇေယျကျော်တို့ အပါအဝင် ၄ ဦးကို  အကြမ်းဖက်မှု ပုဒ်မ ၅၂ (က) ဖြင့် တောင်ကုတ်မြို့နယ်တရားရုံးတွင် ယနေ့ရုံးထုတ်တရားစွဲဆိုလိုက်သည်ဟု သတင်းရရှိသည်။ 

သူတို့ အမှုအား လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော် ရှေ့နေ ဦးတင်ညိုက “ သူတို့ကို အကြမ်းဖက်မှု ပုဒ်မ ၅၂ (က)နဲ့ သတင်းတပ်ဖွဲ့က ရဲမှူးတစ်ဦးကနေ ဒီကနေ့ တောင်ကုတ်မြို့နယ် တရားရုံးမှာ တရားစွဲတင်ပါတယ်” ဟု ပြောသည်။ 

ယခုစွဲဆိုသော ပုဒ်မ ၅၂ (က)မှာ အနည်းဆုံးထောင်ဒဏ် ၃ နှစ်မှ ၇ နှစ်ချမှတ်နိုင်သော ပုဒ်မ ဖြစ်ကြောင်း ၎င်းက ပြောသည်။ 

“ သူတို့ ၄ ဦးကို အကြမ်းဖက်မှု ပုဒ်မ ၅၂ (က)၊ (စျ)၊ (ည) တို့နဲ့ ချုပ်ရမန် ၄ ကြိမ် ယူခဲ့ပါတယ်။  သူတို့ကို ရန်ကုန် အောင်သပြေ စစ်ကြောရေးအထိ ခေါ်ယူပြီး စစ်ဆေးခဲ့ပါတယ်။  အခုနောက်ပိုင်းတွင် ၎င်းပုဒ်မတွေနဲ့  ငြိစွန်းမှု မရှိတော့တဲ့အခါ နိုင်ငံတော်က အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားခြင်း ခံရတဲ့ ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်နွယ်ပတ်သက်နေတယ်။ အထောက်အကူပေးတယ် ဆိုပြီးတော့ တောင်ကုတ်မြို့နယ် တရားရုံးမှာ ၅၂ (က) နဲ့ တရားစွဲဆိုတာဖြစ်ပါတယ်” ဟု ဦးတင်ညိုက ပြောသည်။  

သူတို့ ၄ ဦးမှာ  တောင်ကုတ်မြို့နယ် ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဦးဝေသောင်း၊ စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးဇေယျကျော်နှင့် ညီဖြစ်သူ ကိုစည်သူကျော်ဇံ (ခ) ကိုမိုက်ကယ်နှင့် ၊ စည်ပင်ကော်မတီ ဥက္ကဋ္ဌဟောင်း ဦးစန်းငွေတို့ ဖြစ်ကြသည်။ 

သူတို့၏ အမှုလိုက်ရှေ့နေ ဒေါ်သင်္ဂီမောင်က “စစ်တွေက ရဲတပ်ဖွဲ့က ရဲမှူး ဇော်မြင့်ထွန်းက စွဲတာပေါ့။ ၄ ယောက်လုံးကို။ လက်ရှိ သူတို့က ဒီမနက်ပိုင်းက သံတွဲထောင်မှာ ထားတဲ့နေရာကနေ ခေါ်လာတယ်။ ခေါ်လာပြီး တောင်ကုတ်မြို့နယ် တရားရုံးမှာ အမှုတင်တယ်။ အမှုတင်ပြီးတော့ တောင်ကုတ်ရဲစခန်းမှာ အခု လောလောဆယ်အချိန်ထိတော့ ရှိနေသေးတယ်။ သံတွဲဆောင်ကို ပြန်ခေါ်ဖို့ မခေါ်ဖို့ကတော့ သေချာ မသိသေးဘူး ” ဟု နိရဥ္စရာသို့ ပြောသည်။

၄င်းတို့ ၄ ဦးအား လာမည့် ဇူလိုင်လ ၉ ရက်နေ့ ရုံးချိန်းထပ်ပေးလိုက်ကြောင်း သိရသည်။

တောင်ကုတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဇေယျကျော်ကို မေလ ၉ ရက်နေ့ ဖမ်းဆီးပြီး စည်ပင်ကော်မတီဥက္ကဋ္ဌဟောင်း ဦးစန်းငွေကို မေလ ၁ဝ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။ တောင်ကုတ်မြို့နယ် ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌဦးဝေသောင်းမေလ ၁၁ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး ဦးဇေယျကျော်၏ ညီဖြစ်သူ ကိုစည်သူကျော်ဇံ(ခ)ကိုမိုက်ကယ်ကို မေလ ၂၄ ရက်နေ့တွင် ထပ်မံ ဖမ်းဆီးခဲ့သည်။

ဦးဝေသောင်း၊ ဦးဇေယျကျော်နှင့် ဦးစန်းငွေတို့ သုံးဦးအား မေလ ၁၁ ရက်နေ့တွင်တစ်ကြိမ်၊ မေလ ၂၄ ရက်နေ့တွင် မြောက်ဥက္ကလာက မြို့နယ် တရားရုံးတွင် တစ်ကြိမ်၊  သူတို့  ၃ ဦးနှင့် ကိုစည်သူကျော်ဇံ(ခ) မို်က်ကယ် အပါအဝင် ၄ ဦးကို ဇွန်လ ၂ ရက်နေ့က သံတွဲမြို့နယ် တရားရုံးတွင် တစ်ကြိမ် နှင့် ယနေ့ ဇွန်လ ၁၆ ရက်နေ့တွင် တစ်ကြိမ် စုစုပေါင်း ရမန် ၄ ကြိမ်ယူပြီးနောက် တရားစွဲဆိုခြင်း ဖြစ်သည်။ 


ဆက်စပ် သတင်းများ