ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

စင်္ကာပူမှ ဖမ်းဆီးပြန်ပို့ခံရသည့် ၆ ဦးအပါအဝင် ရခိုင်လူငယ် ၈ ဦးကို ပြန်လွှတ်ပေးစေလိုကြောင်း မိသားစုများကပြောဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 4.8k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဒီဇင်ဘာ ၁၂/၂ဝ၂ဝ

ယခုအခါ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား ဆက်ဆံရေး တိုးတက်ကောင်းမွန် လာနေပြီိ ဖြစ်သဖြင့် စင်္ကာပူနိုင်ငံမှ ဖမ်းဆီးပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ခံရသူ ရခိုင်လူငယ် ၆ ဦး အပါအဝင် ဖမ်းဆီး ခံထားရသူ ၈ ဦးကိုအမြန်ဆုံး ပြန်လွှတ်ပေးစေလိုကြောင်း မိသားစုများက ပြောဆိုသည်။

ဖမ်းဆီးခံထားရသူ ကိုဟိန်းဇော်၏ မိခင်ဖြစ်သူက “ အခု ဖမ်းတာဆိုရင် တစ်နှစ်နဲ့ ငါးလရှိပါပြီ။ အခု တိုင်းပြည်အခြေအနေလည်း ပြန်ကောင်းမွန်လာပြီ။ တပ်မတော်နဲ့ အေအေနဲ့တောင် ငြိမ်းချမ်းရေး စကားပြောလာကြပြီဖြစ်တဲ့အတွက် ကျွန်မသားလေးတို့ကို ပြန်လွတ် ပေးစေချင်ပါတယ်။ သူတို့မှာ ဘာအပြစ်မှလည်း မရှိပါဘူး” ဟု ပြောကြားသည်။

စင်္ကာပူနိုင်ငံမှာ ထိန်းသိမ်းခံခဲ့ရသည့်  ရခိုင်စင်္ကာပူအသင်း ဥက္ကဌ ကိုဟိန်းဇော်၊ ရက္ခိုင်တပ်မတော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ညီ ကိုအောင်မြတ်ကျော် အပါအဝင် ရခိုင်လူငယ် ခြောက်ယောက်ကို ဇူလိုင်လ ၁ဝ ရက်နေ့ ၁၁ရက်နေ့က စင်္ကာပူက ပြည်နှင်ဒဏ်ပေးခဲ့သည်။

စင်္ကာပူကနေ မြန်မာပြည်ကို ပြန်ရောက်လာပြီးနောက် ကိုဟိန်းဇော်ကို ဇူလိုင်လ ၁၁ ရက်နေ့ နေ့လယ် ၂ နာရီခွဲမှာ ရန်ကုန်လေဆိပ်တွင်လည်းကောင်း၊ စင်္ကာပူနိုင်ငံ လေကြောင်းလိုင်းဖြင့် ပြန် ပို့ခံရသူ ကိုအောင်မြတ်ကျော်နှင့်ကိုထွန်းအေးတို့ကို ၎င်းနေ့ ည ၁၁နာရီဝန်းကျင်တွင် ရန်ကုန် လေဆိပ် တွင်လည်းကောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ဇူလိုင်လ ၁၁ ရက်နေ့တွင် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုရဲကျော်ထက်ကို စမ်းချောင်းမြို့နယ် နေအိမ်တွင်လည်းကောင်း၊ ကျန်နှစ်ဦးဖြစ်ကြသည့် ကိုတင်လှိုင်ဦးနှင့် မအေးမြတ်မွန် အပါအဝင် အငှားယဉ်မောင်းလိုက်ပို့သူ ကိုမြတ်လင်းဦးတို့ကို ဇူလိုင်လ ၁၁ ရက်နေ့ ညနေ ၆ နာရီ ခန့်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းတွင်လည်းကောင်း ဖမ်းဆီးခဲ့သည်။

၎င်းအပြင် ၎င်းတို့အမှုနှင့် ဆက်နွယ်သည်ဆိုကာ ကိုရွှေလှိုင်သန်းဆိုသူအား ဇူလိုင် ၁၅ ရက်နေ့တွင် ထပ်မံဖမ်းဆီးခဲ့သည်ဟု သိရသည်။

“ဘယ်အမှုနဲ့ စွဲတယ်လို့လည်း မယ်မယ်ရရ မရှိဘူး။ အကြမ်းဖက်အဖွဲ့နဲ့ ဆက်သွယ်မှုလို့တော့ ပြောပါတယ်။ ဘယ်အမှုနဲ့ တရားစွဲဆိုတာလည်း ကျွန်မတို့ ဂဃဏန မသိဘူး။ အပြစ်မရှိတာကိုအကုန်လုံး သိပါတယ်။ အပြစ်မရှိတဲ့ ကလေးတွေကို  အခုလို တိုင်းပြည် ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်လာချိန်မှာ ပြန်လွှတ်ပေးဖို့ နိုင်ငံတော်အကြီးအကဲတွေကို မေတ္တာရပ်ခံချင်ပါတယ်။ လွတ်လာရင်တော့ အတိုင်းမရှိ ဝမ်းသာပါတယ်။” ဟု ဒေါ်အုန်းတင်က ပြောသည်။

အသက် ၃၄ နှစ် ရှိပြီဖြစ်သော ကိုဟိန်းဇော်တွင် သုံးနှစ်အရွယ် သမီးလေးတစ်ဦးရှိကြောင်း၊ အပြစ်မရှိဘဲ ဖမ်းဆီးထားသဖြင့် ပြန်လွှတ်ပေးစေလိုသည်ဟု မိခင်ဖြစ်သူက ဆက်ပြောသည်။

သူတို့အား ရက္ခိုင့်တပ်မတော် (AA) အတွက် ငွေကြေး ရှာဖွေထောက်ပံ့မှု့များ ပြုလုပ်နေသည်ဟု စွပ်စွဲထားပြီး ၂ဝ၁၉ ခုနှစ် ဇူလိုင် ၁၂ ရက်နေ့က မရမ်းကုန်းမြို့နယ်တရားရုံးတွင် ရမန်ယူခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် ရဲမှူးတင်ရွှေက တရားလိုပြုလုပ် တိုင်ကြားထားခြင်းဖြစ်ကြောင်း သိရှိရသည်။

၎င်းနောက် အဆိုပါ လူငယ် ၈ ဦးအား သြဂုတ်လ ၉ ရက်တွင် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး၌ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅ဝ(ည)၊ ပုဒ်မ ၅၂(က)တို့ဖြင့် တရားစွဲဆိုခဲ့သည်။

ကိုတင်လှိုင်ဦးဖခင်ဖြစ်သူက “ ကျွန်တော်သားကို လွှတ်စေချင်ပါတယ်။ ဒီကလေးတွေမှာ တစ်စုံတစ်ရာ အပြစ်လည်း မရှိပါ။ ဘာမှ မပြောတတ်ဘူး။ ကျွန်တော်သားကို လွှတ်ပေးစေချင်ပါတယ်။ အခု အခြေအတွေလည်း ငြိမ်းချမ်းလာပြီ။ ငြိမ်းချမ်းရေးစကားလည်းပြောလာကြပြီဆိုတော့ ဒီကလေးတွေကို လွှတ်ပေးဖို့ တစ်ခုတည်းကို ပြောချင်ပါတယ်” ဟု ပြောကြားသည်။

ဆက်စပ် သတင်းများ