ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

တောင်ကုတ်မှ ဦးဝေသောင်း၊ကိုဇေယျကျော်တို့အပါအဝင် ၄ဦးကို ယနေ့ရုံးထုတ်၊ ၄လကြာပျက်ကွက်သူတရားလိုသက်သေများရောက်၍ အမှုကိုစစ်ဆေးကြားနာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 4.8k

အိမ်စိုးဖြူ
နိရဥ္စရာ၊ ဒီဇင်ဘာ ၁၅/ ၂ဝ၂ဝ

အကြမ်းဖက်မှုစွပ်စွဲဖမ်းဆီးခံထားရသည့် တောင်ကုတ်မြို့နယ် ANP ဒုဥက္ကဋ္ဌ ဦးဝေသောင်း၊ မြို့နယ်စည်ပင်ဥက္ကဋ္ဌ ကိုဇေယျကျော် အပါအဝင် လူ ၄ ဦးကို ယနေ့နံနက် ၁၁ နာရီက တောင်ကုတ်မြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး တရားလို သက်သေများ ရောက်ရှိလာသဖြင့် အမှုကို ကြားနာစစ်ဆေးခဲ့သည်ဟု သတင်းရရှိသည်။

ဖမ်းဆီးခံထားရသူ လေးဦးထဲမှ တစ်ဦးဖြစ်သူ ဦးဇေယျကျော်က “ အမှုမှန်ကတော့ မကြာခင် တရားရုံး ဆုံးဖြတ်ချက်အရတော့ ပေါ်ပေါက်သွားမှာပါ။ ဒါပေမယ့်ကျွန်တော်တို့ နစ်နာမှုတွေရှိတယ်။ ဒီရုံးချိန်းကို ကျွန်တော်တို့ ၃ လနဲ့  ၂၂ ရက်စောင့်ခဲ့ရတယ်။ သက်သေတွေမရောက်တဲ့အတွက်။ ကျွန်တော်တို့ အများကြီးနစ်နာတာတွေရှိတယ်” ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

၄င်းတရားလိုပြသက်သေနှစ်ဦးအား စစ်ဆေးရန် ၄ လနီးပါးအထိ စောင့်ဆိုင်းခဲ့ရပြီး ယနေ့မှ တရားရုံးသို့  တရားလိုများ ရောက်ရှိခဲ့သည်ဟု ဆိုသည်။

ယနေ့ ရုံးထုတ်ရာတွင် တရားလိုသက်သေများဖြစ်ကြသည့် ငပလီအုပ်ချုပ်ရေးမှူး ၂ ဦး၊ သံတွဲစခန်းမှူး ဦးရဲမင်းစိုးတို့အား စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း အမှုအား လိုက်ပါဆောင်ရွက်ပေးသူ ရှေ့နေ ဦးရာဇာထွန်းက ပြောသည်။

“ သံတွဲအုပ်ချုပ်ရေးမှူးတွေကို မစစ်ဆေးနိုင်ခဲ့တာ ကိုးကြိမ်အထိရှိခဲ့တယ်။ တရားလို သက်သေ နှစ်ဦး မရောက်တာက ကိုဗစ်နဲ့မလာရဲလို့ဆိုပြီးသိရတယ်။ ဒီနေ့မှာ သက်သေလေးယောက်က သုံးယောက်ကို စစ်တယ်။ ရှာဖွေပုံစံမှာပါတဲ့သက်သေလောက်ပါသူတို့က။ ကျန်တစ်ယောက်ကို နောက်ရုံးချိန်းမှာစစ်မယ်။ မတရားသဖြင့် ဖမ်းဆီးခံထားရတာဆိုတော့ သူတို့အနေနဲ့နစ်နာမှုတွေရှိတာပေါ့ ” ဟုပြောသည်။
လာမည့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် တောင်ကုတ်စခန်းမှူး ဦးလှတင့်ကိုလည်း စစ်ဆေးသွားမည်ဟု သိရသည်။

ဖမ်းဆီးခံထားရသူ လေးဦးမှာ ဦးဝေသောင်း(တောင်ကုတ်မြို့နယ် ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ)၊ ဦးဇေယျကျော်( မြို့နယ်စည်ပင်ကော်မတီ ဥက္ကဋ္ဌ)၊ ဦးစန်းငွေ (မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဟောင်း)နှင့် ဦးဇေယျကျော်၏ ညီ ဦးစည်သူကျော်ဇံ (ခ)မိုက်ကယ် တို့ဖြစ်သည်။

ဦးဇေယျကျော် (မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ) ဖြစ်သူကို ၂ဝ၂ဝ ခုနှစ် မေလ ၉ ရက်နေ့တွင်တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့မှ ဖမ်းဆီးပြီး မေလ ၉ ရက်နေ့တွင် ဦးစန်းငွေ (မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဟောင်း) ကို ထပ်မံဖမ်းဆီးခဲ့သည်။

ယင်းနောက် တောင်ကုတ်မြို့နယ် ဦးဝေသောင်း (ရခိုင်အမျိုးသားပါတီ ANP ဒုဥက္ကဋ္ဌ )ကို မေလ ၁၁ ရက်နေ့ နှင့် ဦးဇေယျကျော်၏ ညီဖြစ်သူ ဦးစည်သူကျော်ဇံ(ခ) ကိုမိုက်ကယ် (လူမှုရေးလုပ်ငန်းများ လုပ်ဆောင်သူ)မှာ မေလ ၂၄ ရက်နေ့တွင် ထပ်မံ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ဆက်စပ် သတင်းများ