စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ပျောက်ဆုံးနေသူတင်းမကျေးရွာသား ၁၈ ဦး၏ မိသားစုများကိုယ်ရေးအချက်အလက်ကို ရဲကမှတ်တမ်းယူ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 6.6k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဒီဇင်ဘာ ၁၇/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် တင်းမကျေးရွာမှ ပျောက်ဆုံးနေသူ ရွာသားများ၏ မိသားစုဝင် (၁၈) ဦးမှ ယမန်နေ့က အမှုအခြေအနေကို သိရှိနိုင်ရန် အတွက် ကျောက်တော်မြို့မရဲစခန်းသို့ သွားရောက်စဉ် အမှုစစ်အရာရှိမှ ၎င်းမိသားစုများ၏ ကိုယ်ရေးအချက်အလက်များကို ရယူခဲ့ကြောင်း သတင်းရရှိသည်။

ပျောက်ဆုံးနေသူ မောင်နေလင်းဦး၏ မိခင်ဖြစ်သူက “ ကျွန်မတို့ ၁၈ ယောက် မနေ့က ကျောက်တော်မြို့မရဲစခန်းကို သွားပြီး ဒီလ ၈ရက်နေ့က တိုင်ကြားထားတာနဲ့ ပတ်သက်ပြီး စုံစမ်းဖို့ သွားကြတာပါ။ ရဲစခန်းက ကျွန်မတို့ရဲ့ အချက်အလက်တွေကို မေးမြန်း မှတ်တမ်းယူပါတယ်။ နာမည်၊ အသက်၊ မိဖနာမည်၊ ဘယ်မှာနေလဲ၊ ဘာလုပ်စားလဲ အိမ်ထောင်ဘယ်နေ့ကျလဲ။ ဒါတွေကို မေးမြန်း မှတ်တမ်းယူပါတယ်။ ကျွန်မရဲ့ ပျောက်ဆုံးနေတဲ့ သားအကြောင်းကို တစ်ခွန်းမှ မမေးပါဘူး” ဟု ပြောကြားသည်။

၎င်းပြင် တင်းမကြီးရွာမှ ဒေါ်မိုးနှင်းနွယ်နှင့် ဒေါ်ရွှေအေးစိုး၊ တင်းမရွာသစ်မှ ၂ ဦး စုစုပေါင်း ၄ ဦးကို စခန်းမှူး အခန်းထဲသို့ ခေါ်ယူပြီး ဒီဇင်ဘာ ၈ ရက်နေ့က အမှုဖွင့်ရန်လာစဉ် ဖြစ်ပွားခဲ့သော ဖြစ်စဉ်နှင့် ပတ်သက်ပြီး မေးမြန်းခဲ့သည်ဟု ပြောဆိုသည်။

“ ဒီဇင်ဘာ ၈ ရက်နေ့က အမှုဖွင့်မလို့ သွားတဲ့ အခါ တင်းမအုပ်ချုပ်ရေးမှူးကို ဖမ်းမယ်လို့ ခြိမ်းခြောက်တဲ့ အတွက် အုပ်ချုပ်ရေးမှူးနဲ့ ရွာက အမျိုးသမီးတွေ ကြောက်ပြီး ထွက်ပြေးလာခဲ့ကြရပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘယ်လိုဖြစ်သလဲဆိုတာကို မေးတယ်လို့ သိရပါတယ်။ သူတို့ကလည်း မြင်တဲ့အတိုင်း ပြောခဲ့တယ်လို့ သိရပါတယ်” ဟု ပြောဆိုသည်။

ယမန်နေ့က သွားရောက်ခြင်းမှာ ရဲစခန်းက တွေ့ဆုံလို၍ သွားရောက်ခြင်းဖြစ်ကြောင်း ပျောက်ဆုံးနေသူ ဦးမောင်ကြည်လင်း၏ ဇနီးဖြစ်သူ ဒေါ်ဝိုင်းမေဦးက ပြောကြားသည်။

 “ မနေ့က ကိုယ်ရေးမှတ်တမ်းတွေကို ယူတာလောက်ပါဘဲ။ ဘယ်မှာနေတယ်။ ဘာလုပ်တယ်ဆိုတဲ့ ကိုယ်ရေးမှတ်တမ်းတွေကို ယူပါတယ်။ အဖမ်းခံရပြီး ပျောက်ဆုံးနေတဲ့ ကျွန်မယောကျ်ား အကြောင်းကိုတော့ မမေးပါဘူး။ ကျွန်မတို့အထဲက ၄ ယောက်ကိုတော့ အပေါ်ထပ် စခန်းမှူး အခန်းကို ခေါ်ပြီး အမှုဖွင့်တဲ့နေ့က ဖြစ်ပျက်တဲ့ အကြောင်းအရာကိုဘဲ မေးပါတယ်” ဟု ပြောသည်။

သူတို့အမှုကို လိုက်ပါ ကူညီဆောင်ရွက်ပေးနေသူ လူထုဇော်ဝင်းက ယမန်နေ့ နေ့လယ် ၂ နာရီခန့်က ရဲစခန်းသို့ သွားရောက်စဉ် အတူတူ လိုက်ပါသွားခဲ့ကြောင်း၊ သူ့အနေဖြင့် တစ်စုံတစ်ရာ ပြောဆိုခဲ့ခြင်း မရှိဘဲ လိုက်ပါ ပို့ဆောင်ပေးခဲ့ခြင်းသာ ဖြစ်ကြောင်း ပြောကြားသည်။

၎င်းပြင်သူက “ ဒီက ရဲတာဝန်ရှိသူ တစ်ဦးပြောတာက ဒီအမှုက စစ်ဆင်ရေးနယ်မြေမှာ ဖြစ်တဲ့ အတွက် ရဲစခန်းမှာ အမှုဖွင့်လို့ မရဘူးလို့ အလွတ်သဘော ပြောတယ်။ သမ္မတဆီစာတင်ရမယ်လို့ ပြောပါတယ်။ ကျွန်တော်တို့လည်း ဒီမှာ အမှုကို ကြည့်ပြီးမှ ဆက်လက်လှုပ်ရှားဆောင်ရွက်သွားပါမယ်” ဟု ပြောကြားသည်။

ယမန်နေ့က ရဲစခန်းမှ  ပျောက်ဆုံးနေသူ တင်းမရွာသား ၁၈ ဦး၏ မိသားစုဝင်များ၏ ကိုယ်ရေး မှတ်တမ်းယူခြင်းနှင့် ပတ်သက်ပြီး ကျောက်တော်မြို့မ ရဲစခန်းမှူးသို့ ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိသဖြင့် ရဲစခန်း၏ သဘောထားကို ရယူနိုင်ခြင်း မရှိပါ။  

ပျောက်ဆုံးနေသူများမှာ တင်းမကြီးကျေးရွာမှ ကျေးရွာသား ၁ဝ ဦးနှင့် တင်းမသစ်ရွာမှ ၈ ဦးတို့ ဖြစ်ကြသည်။

မတ်လ ၁၆ ရက်နေ့က  တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးခေါ်ဆောင်ခံရသည့် တင်းမကြီးကျေးရွာမှ ယင်းဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူများမှာ ဦးအောင်ညွန့် (၆၅) နှစ်၊ ဦးထွန်းဝင်းမောင် (၆၄) နှစ်၊ ဦးယာဉ်မောင် (၄ဝ) နှစ်၊ ဦးသန်းမောင်ထွန်း (၄ဝ) နှစ်၊ ဦးမောင်ဝင်း (ခေါ်) ဦးမောင်ဝင်းကြီး (၅ဝ) နှစ်၊ ဦးမောင်ဝင်းချေ (၃၇) နှစ်၊ ဦးမောင်ကြည်လင်း (၄ဝ) နှစ်၊ ဦးမောင်စိန်ဝင်း အသက် ၅ဝ ကျော်၊ မောင်ထွန်းထွန်းဝေ (၁၅) နှစ်နှင့် မောင်နေလင်းဦး (၂၈) နှစ်တို့ဖြစ်ကြောင်း မိသားစုများက ပြောကြားသည်။

မတ်လ ၁၃ ရက်နေ့က တင်းမရွာသစ်မှ ဖမ်းဆီးခေါ်ဆောင်ခံရသူ ၈ ဦးမှာ ဦးမောင်စိတ်ကြီး၊ ဦးကျော်ဝင်း၊ ဦးလှကျော်ကြီး၊ ဦးမောင်သန်းစိုး၊ ဦးစောရွှေသန်း၊ ဦးစံသာမောင်၊ ဦးမောင်မြအေးနှင့် ဦးမောင်ထွန်းစိန်တို့ ဖြစ်ကြသည်။

ဆက်စပ် သတင်းများ