အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

အကြမ်းဖက်မှုစွဲချက်ဖြင့် အမှုရင်ဆိုင်နေရသူ စပါထားကျေးရွာမှ ဆန်စက်ပိုင်ရှင်ကို ၃ လကျော်ကြာသည်အထိ တစ်ကြိမ်မျှရုံးမထုတ်သေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 7.5k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဒီဇင်ဘာ ၂ဝ /၂ဝ၂ဝ

စက်တင်ဘာ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခေါ်ဆောင်ခံရပြီး စစ်တွေအကျဉ်းထောင်တွင် ချုပ်နှောင် ခံထားရသူ ပုဏ္ဏားကျွန်းမြို့နယ်၊ စပါးထားကျေးရွာမှ ဆန်စက်ပိုင်ရှင် ဦးရဲကျော်ထွန်းကို ဖမ်းဆီးထားသည်မှာ အချိန်အားဖြင့် ၃ လကျော်ကြာမြင့်လာပြီဖြစ်သော်လည်း ယနေ့အချိန်ထိ တစ်ကြိမ်တစ်ခါမျှ ရုံးထုတ် စစ်ဆေးခြင်း မရှိသေးကြောင်း မိသားစုများက ပြောကြားသည်။

ဦးရဲကျော်ထွန်းသမီးကျောင်းဆရာမဖြစ်သူက “ မိသားစုနဲ့လည်း တွေ့ခွင့်မရပါ။ ရုံးချိန်းလည်း လေးငါးကြိမ်ရှိပါပြီ။ တစ်ကြိမ်မှ ရုံးထုတ်တာ မရှိပါဘူး။ အမှုက အကြမ်းဖက်မှု ၅ဝ (ည)နဲ့ စွဲထားတာပါ။ တွေ့ခွင့်လည်း မရ၊ ရုံးလည်း မထုတ်ဆိုတော့ မိသားစုတွေက စိုးရိမ်နေကြရပါတယ်” ဟု ပြောကြားသည်။

ဦးရဲကျော်ထွန်းအား ၂ဝ၂ဝ စက်တင်ဘာ ၁ ရက်နေ့က သူ့၏ ဆန်စက်အတွင်းမှ ရက္ခိုင့်တပ်တော် (AA) အတွက် ရိက္ခာသိုလှောင်ထားသည့် ဆန်အိတ် ၈ဝ အား တွေ့ရှိသည်ဟုဆိုကာ တပ်မတော်နှင့် ရဲတပ်ဖွဲ့ ပူးပေါင်းစစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

၎င်းနောက်သူ့အား စစ်တွေမြို့အမှတ် (၁) ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ စစ်တွေရဲစခန်းတွင် ရှိနေစဉ် မိသားစုများမှ တွေ့ခွင့်ရခဲ့သော်လည်း စက်တင်ဘာ ၁ဝ ရက်နေ့ တပ်မတော်က ခေါ်ယူသွားပြီးနောက် တွေ့ဆုံခွင့် မရတော့ကြောင်း မိသားစုများက ပြောကြားသည်။

သဇင်ဥပဒေအထောက်အကူပြုအဖွဲ့မှ အထက်တန်းရှေ့နေ ဦးငြိမ်းချမ်းက “ ရုံးချိန်းက အနည်းဆုံး ၆ ကြိမ်ကနေ ၇ ကြမ်ထိ ရှိနေပါပြီ။ ရုံးချိန်းက နှစ်ပတ်တစ်ကြိမ်ဆိုတော့လေ။ တစ်ကြိမ်မှတော့ ရုံးထုတ် စစ်ဆေးနိုင်တာ မရှိသေးဘူး။ ကိုဗစ် ၁၉ နဲ့ ပတ်သက်လို့ အခု တရားရုံးတွေမှာ ရုံးမထုတ်ပါ။ အခု လိုပြသက်သေ စစ်တဲ့အဆင့်မှာဘဲ တန့်နေပါတယ်။ တစ်ယောက်လည်း မစစ်ရသေးဘူး” ဟု ပြောကြားသည်။  

ဦးရဲကျော်ထွန်း ဖမ်းဆီးခံရပြီးနောက် စက်တင်ဘာလ ၂ ရက်နေ့ မနက် ၁ဝ နာရီခွဲ အချိန်ခန့်တွင် ဦးရဲကျော်ထွန်း၏ အစ်ကိုဖြစ်သူ ဦးမောင်သန်းမြင့်နှင့် ညီမဖြစ်သူ ဒေါ်မူမူခိုင်တို့က ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့် တွေ့ဆုံပြီး အကူအညီတောင်းခံခဲ့ကြသည်။

ဆန်စက်ပိုင်ရှင် ဦးရဲကျော်ထွန်း ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က စက်တင်ဘာလ ၁ ရက်နေ့ ထုတ်ပြန်ခဲ့သည်။

၎င်းထုတ်ပြန်ချက်ထဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သြဂုတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းက စပါးထားရွာအတွင်း လုံခြုံရေးဆိုင်ရာ စစ်ဆေးချက်များဆောင်ရွက်စဉ် ဦးရဲကျော်ထွန်းနေအိမ်မှ အေအေအတွက် ရိက္ခာ သိုလှောင်ထားသည့် ဆန်အိတ် ၈ဝ အား တွေ့ရှိ ဖမ်းဆီးရမိကြောင်း၊ ဖမ်းဆီးရမိသူနှင့် ဆန်အိတ်များအား စစ်တွေမြို့သို့ ပို့ဆောင်၍ ဥပဒေနှင့် အညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

မိသားစုများကမူ ၎င်းဆန်အိတ်များမှာ AA ကိုထောက်ပံ့ရန်စုဆောင်းထားသော ဆန်မဟုတ်ဘဲ ၎င်းတို့ပိုင် ဆန်အိတ်များသာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။

ဆက်စပ် သတင်းများ