သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ဓညဝတီရေတပ်စခန်းနှင့်ပတ်သက်၍ ပို့စ်တင်သူ အထက်တန်းကျောင်းသားတစ်ဦးအား အက်လက်ထရွန်နစ် ဥပဒေဖြင့် ကျောက်ဖြူမြို့နယ်တရားရုံးမှ ထောင်ဒဏ် ၅ နှစ်ချမှတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 4.3k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၅ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် တည်ရှိသည့် ဓညဝတီရေတပ်စခန်းနှင့် ပတ်သက်ပြီး စာရေးသား ပို့စ်တင်သူ အသက် ၁၉ နှစ်အရွယ် အထက်တန်းကျောင်းသားတစ်ဦးအား ကျောက်ဖြူမြို့နယ် တရားရုံးမှ အက်လက်ထရွန်နစ် ဥပဒေပုဒ်မ ၃၃(ခ) ဖြင့် ထောင် (၅)နှစ်ချမှတ်လိုက်သည်ဟု သတင်းရရှိသည်။

၎င်းအထက်တန်းကျောင်းသားမှာ ကျောက်ဖြူမြို့နယ်၊ စစ်တောကျေးရွာမှ စစ်တောအထက်တန်းကျောင်း၊ ဒဿမတန်းတွင် တက်ရောက် ပညာသင်ကြားနေသူ ဦးစံမောင်နု၏သား မောင်တင်ချမ်း(၁၉) နှစ်ဖြစ်သည်။

ကျောက်ဖြူမြို့နယ် တရားရုံတွင် အမိန့်ချမှတ်သည်ကို ကိုယ်တိုင်တက်ရောက်နားထောင်ခဲ့သည့် ဖခင်ဖြစ်သူ ဦးစံမောင်နုက “ ဒီဇင်ဘာ ၂၃ ရက် ညနေ ၄ နာရီလောက်မှာ တရားသူကြီးက အမိန့်ချပါတယ်။ အထက် ဖော်ပြပါ ပြစ်မှုအရ ထောင် ၅ နှစ်ချမှတ်လိုက်သည်လို့ ကြေညာပါတယ်။ ခုလို နားမလည်ဘဲ ဖုန်းမှာရေးမိလို့ ကလေးတစ်ဦးကို ထောင် ၅ နှစ်ချတာက စကေ (နည်းနည်း)တော့ များပါတယ်။ အမိန့်ချပြီးတာနဲ့ ကျွန်တော်တို့ ပြန်လာခဲ့ကြပါတယ်။ ကျွန်တော်တို့က ဘာတတ်နိုင်မှာလဲ”ဟု ပြောကြားသည်။

မောင်တင်ချမ်းအား ယခုလို ထောင် (၅) နှစ်ချမှတ်လိုက်သည့်အပေါ် ခရိုင်တရားရုံးတွင် အယူခံဝင်/မဝင်ကို အမှုအား လိုက်ပါကူညီ ဆောင်ရွက်ပေးနေသည့် ရှေ့နေနှင့် ဆွေးနွေးသွားမည်ဟု ပြောကြားသည်။

“ ကျွန်တော်တို့ တောသူတောင်သားတွေက တရားရုံးနဲ့ ပတ်သက်ပြီးဘာမှ မသိပါ။ အယူခံဝင်လို့ ထောင်နောက်ထပ် အများကြီးချပစ်မှာကို စိုးရိမ်ပါတယ်။ ထောင်မချဘူးဆိုရင်တော့ အယူခံဝင်ချင်ပါတယ်။ ကျနော်တို့ ရှေ့နေကလည်း ဒီအတိုင်း အယူခံဝင်မယ်လို့တော့ ပြောပါတယ်။ သူက အေအေနဲ့လည်း ဆက်သွယ်ရှိတဲ့သူမဟုတ်ပါ။ ဖုန်းထဲကလည်း ဒီလိုဆက်သွယ်တဲ့ အထောက်အထားဘာတစ်ခုမျှ မရပါ” ဟု ပြောသည်။

မောင်တင်ချမ်းသည် ဓညဝတီ ရေတပ်စခန်းရှိ စစ်တော အထကတွင် ဒဿမတန်းတွင် ပညာသင်ကြားနေသူ ဖြစ်ပြီး ၂ဝ၁၉ ခုနှစ် ဇူလှိုင်လ ၂၆ ရက် ညနေတွင် စစ်တပ်နှင့်ရဲ ပူးပေါင်းတပ်ဖွဲ့က ဖုန်းပေါ်မှ ဓညဝတီ ရေတပ်စခန်းနှင့် ပတ်သက်ပြီး ပို့စ်တင်သည်ဟုဆိုကာ နေအိမ်မှ ဖမ်းဆီးသွားခဲ့သည်ဟု ဖခင်ဖြစ်သူက ပြောဆိုသည်။

၎င်းနောက် မောင်တင်ချမ်းအား ကျောက်ဖြူ၊ ဓညဝတီရေတပ်စခန်းဌာနချုပ်က ဗိုလ်ကြီးပြည့်ဖြိုးအောင်က တရားလိုလုပ် တိုင်ကြားခဲ့ကာ တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း ၎င်းအမှုကို လိုက်ပါဆောင်ရွက်နေသူ  Legal Clinic Myanmar ဥပဒေရေးရာကုစားရေးအဖွဲ့ စစ်တွေရုံးခွဲမှ တရားလွှတ်တော်ရှေ့နေ ဦးညွှန့်မောင်က ပြောသည်။

“ ဓညဝတီရေတပ်စခန်းမှ စစ်ရေယာဉ်တွေကို AA အဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ရန်အတွက် ခေါ်ယူ တိုက်တွန်း ခြင်းဆိုတဲ့ ပို့စ်ကို ဖေ့စ်ဘုတ်စာမျက်နှာပေါ်ကနေ “ဂျပန်ခေတ်က ရခိုင်သားချေ” အကောင့်နဲ့ အသုံးပြု တင်ခဲ့တဲ့အတွက် ဗိုလ်ကြီးပြည့်ဖြိုးအောင်က ကျောက်ဖြူမြို့မ၊ ရဲစခန်းကို အရေးယူဖို့ တိုင်းတန်းရာကနေ ပေါ်ပေါက်လာတဲ့ အမှုဖြစ်ပါတယ်”  ဟု ဦးညွှန့်မောင်က ပြောသည်။

ကျောက်ဖြူမြို့နယ် တရားရုံးတွင် ၎င်းအမှုကို တစ်နှစ်ကျော်ကြာ စစ်ဆေးခဲ့ပြီးနောက် အက်လက်ထရွန်နစ် ဥပဒေပုဒ်မ ၃၃ (ခ) ဖြင့် စွဲချက်တင်ပြီး ဒီဇင်ဘာ ၂၃ ရက်နေ့က ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ကျောင်းသားလူငယ်တစ်ဦးမှ ကိုယ့်ခံစားချက်ကို စာတစ်ကြောင်း၊ နှစ်ကြောင်းခန့်ရေးပြီး အွန်လိုင်းပေါ်တွင် တင်မိသည့်အတွက် ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့ခြင်းမှာ မဖြစ်သင့်ကြောင်း ရခိုင်ပြည်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုတိုးတိုးအောင်က ပြောသည်။

“ ဆယ်တန်းကျောင်းသား ကလေးတစ်ယောက်က သူ၏ စိတ်ထဲမှာရှိနေတဲ့ ခံစားချက်ကလေးတစ်ခုကို  ရေးမိသွားတဲ့ အဆင့်ပဲရှိတယ်။ သူမှာ ဘာရည်ရွယ်ချက်မှ မပါဘူး။ အဲဒါကို ထောင် ၅ နှစ် ချမှတ်လိုက်တယ် ဆိုတာကတော့ လူ့အခွင့်အရေးနဲ့ ကိုက်ညီသလားဆိုတာကိုလည်း တချက်စဉ်စားဖို့လိုတယ်” ဟုပြောသည်။

လက်ရှိတွင် မောင်တင်ချမ်းအား ကျောက်ဖြူထောင်တွင် ထိန်းသိမ်းထားပြီး မိဖများမှာလည်း လယ်သမားများ ဖြစ်ကြသဖြင့် တရားဥပဘောင်အတွင်းမှ သူ့လွတ်မြောက်ရေး အတွက် ကူညီကြစေလိုသည်ဟု ဖခင်ဖြစ်သူက ပြောကြားသည်။

(Photo by DMG)

ဆက်စပ် သတင်းများ