ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

တောင်ကုတ်မြို့စခန်းမှူးရုံးချိန်းမရောက်၍ တောင်ကုတ်မှ ဦးဝေသောင်း၊ကိုဇေယျကျော်ပါ ၄ဦး၏ ရုံးချိန်းပယ်ဖျက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 3.7k

အိမ်စိုးဖြူ
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၈/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့စခန်းမှူး ရုံးချိန်းမရောက်၍ တောင်ကုတ်မြို့မှ အများပြည်သူ စိတ်ဝင် စားနေသော ဦးဝေသောင်း၊ ကိုဇေယျကျော် အပါအဝင် လူ ၄ ဦး၏ ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ ရုံးချိန်းကို ပယ်ဖျက်လိုက်ရကြောင်း သတင်းရရှိသည်။

၎င်းတို့ ၄ ဦးမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မ- ၅ဝ(က) ၊ ၅၂ (က) တို့ဖြင့် ၇ လကျော်ကြာ ဖမ်းဆီး ခံထားရသည့် ဦးဝေသောင်း (ရခိုင်အမျိုးသားပါတီ ANP ဒုဥက္ကဋ္ဌ )၊ ဦးဇေယျကျော် (မြို့နယ် စည်ပင် သာယာရေးကော်မတီ ဥက္ကဋ္ဌ)၊ ဦးစန်းငွေ (မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဟောင်း) နှင့် ဦးဇေယျကျော်၏ ညီဖြစ်သူ ဦးစည်သူကျော်ဇံ(ခ) ကိုမိုက်ကယ် (လူမှုရေးလုပ်ငန်းများ လုပ်ဆောင်သူ) တို့ဖြစ်ကြသည်။

နောက်ဆုံးစစ်ဆေးရန်ကျန်နေသည့် တောင်ကုတ်မြို့မစခန်းမှူး ဦးလှတင့်အား စစ်ဆေးရန် ရုံးချိန်း ခေါ်ယူ ထားသော်လည်း ၄င်းမှာ ယာဉ်မတော်တဆမှု ဖြစ်ထား၍ ဒူးဒဏ်ရာကြောင့် မရောက်ရှိနိုင်ဟု ဆိုသည်။  

 ဦးဇေယျကျော်၏ ဇနီး ဒေါ်ဟန်စုလှိုင်က “ အဲဒီစခန်းမှူးက လွန်ခဲ့တဲ့အပတ်က ကားတိုက်မှု ဖြစ်ထားတယ်လို့ ပြောတယ်။ ဒူးက မနက်ဖက်ဆိုရင် အကြောတွေနာလို့ နေ့လယ်လောက်မှ သူလာမယ်လို့ပြောတယ်။ တရားသူကြီးက အစ်မတို့ရှေ့က ဖုန်းဆက်မေးတာပါ။ ဒီလိုကြန့်ကြာနေတာ အစ်မတို့အတွက် နစ်နာတာ ပေါ့ကွယ်။ ကလေးတွေကလည်း အဖေပြန်လာမယ့်နေ့ကို မျှော်နေကြတာဆိုတော့လေ” ဟုပြောသည်။

နောက်ထပ်ရုံးချိန်ကို ၂ဝ၂၁ ခုနစ်နစ် ဇန်နဝါရီ ၁၁ ရက်နေ့ကို ထပ်မံခေါ်ယူခဲ့သည်ဟု ၎င်းက ပြောသည်။

၄င်းအမှုအား လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေဒေါ်သင်္ဂ ီမောင်ကလည်း ၄င်းတို့အနေဖြင့် ယခုကဲ့သို့ ရုံးချိန်းကြန့်ကြာနေသည့် အတွက် နစ်နာမှုများရှိကြောင်းပြောသည်။

“ဒီနေ့ကတော့ တရားလိုပြသက်သေ ဦးလှတင့်က နောက်ဆုံးသက်သေပေါ့။ ရှေ့နေတစ်ယောက်အနေနဲ့ ကို်ယ့်အမှုသည် နစ်နာသလို ခံစားရတယ်” ဟုပြောသည်။

ဦးဇေယျကျော် (မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ) ဖြစ်သူကို ၂ဝ၂ဝခုနစ် မေလ ၉ ရက်နေ့တွင် တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့မှ ဖမ်းဆီးပြီး မေလ ၉ ရက်နေ့တွင် ဦးစန်းငွေ (မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌဟောင်း) ကို ထပ်မံ ဖမ်းဆီးခဲ့သည်။

ယင်နောက် တောင်ကုတ်မြို့နယ် ဦးဝေသောင်း (ရခိုင်အမျိုးသားပါတီ ANP ဒုဥက္ကဋ္ဌ )ကို မေလ ၁၁ ရက်နေ့ နှင့် ဦးဇေယျကျော်၏ ညီဖြစ်သူ ဦးစည်သူကျော်ဇံ(ခ) ကိုမိုင်ကယ် (လူမှုရေးလုပ်ငန်းများ လုပ်ဆောင်သူ)မှာ မေလ ၂၄ ရက်နေ့တွင် ထပ်မံ ဖမ်းဆီးခံခဲ့ရသည်။

လက်ရှိတွင် ၄င်းတို့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မ- ၅ဝ(က) ၊ ၅၂ (က) တို့ဖြင့် အမှုရင်ဆိုင်နေရခြင်း ဖြစ်သည်။

ဆက်စပ် သတင်းများ