ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ပလက်ဝ မြို့မှ မောင်စိုးလင်း၏အမှု တပ်ဖက်မှတရားလိုသက်သေများမရောက်၍ မစစ်ဆေးနိုင်သည်မှာ လေးကြိမ်ထိရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 3.7k

အိမ်စိုးဖြူ
နိရဥ္စရာ၊ ဒီဇင်ဘာ ၃ဝ/ ၂ဝ၂ဝ

ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသူ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ အသက် ၁၇ နှစ်အရွယ် မောင်စိုးကျော်လင်း၏အမှုကို ယမန်နေ့က ရုံးထုတ်ခဲ့သော်လည်း တပ်ဖက်မှ တရားလိုသက်သေများ မရောက်သဖြင့် မစစ်ဆေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

တရားလိုများ မရောက်၍ မစစ်ဆေးရသည်မှာ ၄ ကြိမ်ခန့်ရှိနေပြီဖြစ်ပြီး မိသားစုများအနေဖြင့် နစ်နာမှုများရှိနေကြောင်း မိခင် ဒေါ်ဒေါင်းမချေ(ခ)မကျော့နုက နိရဥ္စရာသတင်းဌာနအား ပြောသည်။

“ မြန်မြန်စစ်ပြီး မြန်မြန်ပြန်လွှတ်ပေးစေချင်တယ်။ ရုံးချိန်းကထုတ်လာတယ်။ သက်သေတွေမရောက်လို့ မစစ်လိုက်ရတာ။ သားလေးခြေထောက်က ဒရွတ်တို်က်သွားနေလို့ စိတ်ပူတယ်။ အရင်အပတ်က ဆေးခန်းတော့ ပြထားတယ်။ အေးတော့ ပိုဆိုးမှာစိုးတယ်။ ကလေးက အပြစ်မရှိတဲ့အတွက် ပြန်လွတ်မယ် လို့လည်း ယုံကြည်ပါတယ်” ဟု သူမက ပြောသည်။

မောင်စိုးကျော်လင်း၏ ကျန်းမာရေးကြောင့် အမှုကို အလျင်အမြန်စစ်ဆေးပြီး ပြန်လွှတ်ပေးစေလိုကြောင်း ၊ အမှုကြန့်ကြာမှုမရှိစေချင်ကြောင်း မိခင်ဖြစ်သူက ဆိုသည်။

မောင်စိုးကျော်လင်း၏အမှုတွင် နောက်ဆုံးစစ်ဆေးရန်ကျန်နေသေးသည့် ပလက်ဝမြို့အခြေစိုက် (၂၈၉) တပ်ရင်းမှ ဗိုလ်ကြီးပြည့်စုံကိုကို၊ တပ်ကြပ်ကြီး ဆန်းမြင့်ဦးနှင့် တပ်ရေးဗိုလ်ကြီး သက်နိုင်ဦးတို့ သုံးဦးကို စစ်ဆေးရန် ကျန်နေပြီး ၄င်းတို့ မရောက်နိုင်သည်မှာ  လေးကြိမ်မြောက်ရှိနေပြီဖြစ်ကြောင်း ပလက်ဝမြို့မ ရဲစခန်းမှူး ဦးဝေလွင်ပြောသည်။

“ နောက်လာမယ့် ရုံးချိန်းမှာ မဖြစ်မနေလာဖို့ ပြောထားပါတယ်။ တကယ်လို့ သူတို့မရောက်နိုင်ရင် ကျွန်တော်တို့ ရဲစခန်းက သူတို့ ကိုယ်စား လက်ရေးလက်မှတ်သိတဲ့ ဂတ်စရေးကို စစ်တော့မယ်လို့ တရားရုံးက ပြောတယ်။ ကောင်းလေးရဲ့ကျန်းမာရေးကလည်း သူ့အမေစိုးရိမ်လို့ပြောနေတာပါ။ အဲဒီလောက်မဆိုးပါဘူး။ ဆေးကုသ ပေးနေပါတယ်” ဟုပြောသည်။

မောင်စိုးကျော်လင်းအား လာမည့် ၂ဝ၂၁ ဇန်နဝါရီလ ၅ ရက်နေ့တွင် ထပ်မံရုံးချိန်းခေါ်ယူထားကြောင်း ၄င်း၏ ပြောပြချက်အရသိရသည်။

မောင်စိုးကျော်လင်းအား စက်တင်ဘာလ ၂၄ ရက်နေ့တွင် ပလက်ဝမြို့အခြေစိုက်(၂၈၉)တပ်ရင်းမှ နေ၍ သူ၏ ယောက်ဖဖြစ်သူကို ကိုထွန်းလင်းကျော်(၂၉)နှစ်နှင့် အတူ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကာ အေအေတပ်ဖွဲ့ဝင် ဖြစ်သည်ဟု စွပ်စွဲချက်ဖြင့် ပလက်ဝမြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်နေရသူဖြစ်သည်။


ဆက်စပ် သတင်းများ