သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

နှစ်ပတ်တစ်ကြိမ်ရုံးချိန်း တရားလိုပြသက်သေ(၃)ကြိမ်ထိမရောက်၍ တောင်ကုတ်မြို့မှ နာမည်ကြီး၄ ဦး၏ အမှု မစစ်ဆေးရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဇန်နဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 7.3k

အိမ်စိုးဖြူ
နိရဥ္စရာ၊ ဇန်နဝါရီ ၁၁/ ၂ဝ၂၁

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှ နာမည်ကြီးအမှုတစ်ခုဖြစ်သော ANP ဒုဥက္ကဋ္ဌ ဦးဝေသောင်း၊ စည်ပင် ဥက္ကဋ္ဌ ဦးဇေယျကျော်၊ စည်ပင်ဥက္ကဋ္ဌဟောင်းဦးစန်းငွေနှင့် လူမှုရေးလူပ်ရှားသူ ကိုစည်သူကျော်ဇံ(ခ) မိုက်ကယ်တို့ အမှုကို ယနေ့ တောင်ကုတ်မြို့နယ် တရားရုံးတွင် ရုံးချိန်းရှိသော်လည် တရားလိုပြသက်သေ ရောက်မလာသဖြင့် မစစ်ဆေးခဲ့ရကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံထားရသူ ဦးဝေသောင်း၏ သမီးဖြစ်သူ မနှင်းဝေဝေကျော်က “ ဒါတမင်သက်သက် လုပ်နေတာလို့ ထင်ပါတယ်။ ဘာလို့ဆိုရင်တစ်ခါလာ တစ်ခုအကြောင်းပြမယ်။ ဟိုဖက်ထိုးချ၊ ဒီဖက်ထိုးချလုပ်နေကြတယ်။ စခန်းမှူးက အက်ဆီးဒင့်ဖြစ်ထားလို့ တစ်ပတ်မလာဘူး။ အဲဒီရဲစခန်းမှာ ကိုဗစ်ပိုးတွေ့ကြတုန်းက သူအက်ဆီးဒင့် ဖြစ်ထားလို့ အပြင်မထွက်တော့ ကွာရန်တင်းဝင်ရတဲ့အထဲ သူမပါဘူးလေ။ သူမထိတွေ့ထားဘူး။ ဒါလည်း ရုံးချိန်းမလာဘူး။ ကျွန်မအဖေတို့နစ်နာတာပေါ့” ဟုပြောသည်။

တရားလို မရောက်လာ၍ သူတို့ ၄ ဦးကို ရုံးမထုတ်ဘဲ အမှုကို ဇန်နဝါရီ ၂၂ ရက်နေ့ကို ထပ်မံ ရုံးချိန်းပေးလိုက်သည်ဟု သူမကဆိုသည်။

ရုံးချိန်းသုံးကြိမ်တိတိ ပျက်ကွက်သူ တရားလိုပြသက်သေမှာ တောင်ကုတ်စခန်းမှူးဦးလှတင့် ဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကုတ်ရဲစခန်းမှ စခန်းမှူးဦးလှတင့်အား နိရဥ္စရာသတင်းဌာနမှ ဆက်သွယ်မေးမြန်းရာ ၄င်းမှာ ရဲစခန်းကို လော့ဒေါင်းချထား၍ မလာနိုင်ခြင်းဖြစ်ကြောင်း၊ ရုံးချိန်း သုံးကြိမ်ပျက်ကွက်ခြင်းမှာ အကြောင်းအမျိုးမျိုးကြောင့်ဟု ပြောသည်။

“ကျွန်တော်တို့ စခန်းကို လော့ဒေါင်းချထားတယ်။ အပြင်မထွက်ရတော့ဘူး။ ဒါတွေကတော့ အကြောင်း အမျိုးမျိုး ရှိတာပေါ့။ ကျွန်တော်က အလုပ်တစ်လုပ်တည်းလုပ်နေတာမဟုတ်ဘူးလေ” ဟုသူက ဆိုကာ ထပ်မံ ဖြေဆိုခြင်းမရှိဘဲ ဖုန်းချသွားခဲ့သည်။

၄င်းတို့အမှုအား လိုက်ပါဆောင်ရွက်ပေးသူရှေ့နေဒေါ်သင်္ဂီမောင်ကလည်း ရုံးချိန်းသုံးကြိမ်တိတိ ဆက်တိုက် ပျက်နေသည့်အတွက် အမှုသည်များအတွက် နစ်နာမှုရှိကြောင်းပြောသည်။

“ အမှန်ဆိုရင် အဲဒီစခန်းမှူးအစား သူမလာနိုင်ရင် လုပ်ထုံးလုပ်နည်းအရ လက်ရေးလက်မှတ်သိတဲ့ နောက်ထပ် ရဲဝန်ထမ်းကို လာခိုင်းလို့ရတယ်။ အခုက နှစ်ပတ်တစ်ကြိမ် ချိန်းတဲ့ရုံးချိန်းကို သုံးကြိမ်ပျက်နေပြီ။ စခန်းမှူး ကတော့ ရဲစခန်းလော့ဒေါင်းချထားလို့မလာနိုင်ဘူးလို့ အကြောင်းပြတယ်။ ဒါပေမယ့် အမှုသည်တွေ အတွက် အထူးနစ်နာမှုရှိနေတယ်” ဟု သူမက ပြောသည်။

ဦးဇေယျကျော် ကို ၂ဝ၂ဝ ခုနှစ် မေလ ၉ ရက်နေ့တွင် တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့မှ ဖမ်းဆီးပြီး မေလ ၉ ရက်နေ့တွင် ဦးစန်းငွေ ကို ထပ်မံဖမ်းဆီးခဲ့သည်။

ယင်းနောက် တောင်ကုတ်မြို့နယ် ဦးဝေသောင်း (ရခိုင်အမျိုးသားပါတီ ANP ဒုဥက္ကဋ္ဌ )ကို မေလ ၁၁ ရက်နေ့ နှင့် ဦးဇေယျကျော်၏ ညီဖြစ်သူ ဦးစည်သူကျော်ဇံ(ခ) ကိုမိုက်ကယ် (လူမှုရေးလုပ်ငန်းများ လုပ်ဆောင်သူ)မှာ မေလ ၂၄ ရက်နေ့တွင် ထပ်မံ ဖမ်းဆီးခံခဲ့ရသည်။

လက်ရှိတွင် ၄င်းတို့ လေးဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မ ၅ဝ(က) ဖြင့် တောင်ကုတ်မြို့နယ် တရားရုံးတွင် တရားစွဲဆိုခံထားရသည်။

ဆက်စပ် သတင်းများ