ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

တောင်ကုတ် ANP ဒုဥက္ကဋ္ဌဦးဝေသောင်းပါ (၄)ဦးအား စွဲချက်တင်သင့်၊ မတင်သင့် ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ဆုံးဖြတ်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 1.7k

ကိုကိုတိုး
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၇ / ၂၀၂၁

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် တရားစွဲဆိုခြင်းခံထားရသော ANP ဒုဥက္ကဋ္ဌဦးဝေသောင်းအပါအဝင်(၄)ဦးအား စွဲချက်တင်သင့်၊ မတင်သင့် ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းတို့ (၄)ဦးအား ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့၊ နေ့လယ် ၁ နာရီခန့်တွင် ရုံးထုတ်ခဲ့ပြီးနောက် စွဲချက်တင်သင့်၊ မတင်သင့်ဆုံးဖြတ်ရန် လာမည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့သို့ ထပ်မံရုံးချိန်းခေါ်ယူခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။

“အချိန်ကလည်း ကြာသွားပြီ။ လွတ်လည်း လွတ်သင့်နေပြီ။ တစ်ခုမှလည်း ငြိစွမ်းမှုမရှိဘူး။ မိသားစုဝင်တွေကလည်း မျှော်လင့်နေကြတယ်ပေါ့လေ လွတ်လာမယ့်ဟာကို။ အခုလိုမျိုး အစိုးရအပြောင်းအလဲမှာ ကျနော်တို့ကတော့ လွတ်လာလိမ့်မယ်လို့ မျှော်လင့်နေကြတယ်။ နောက်တစ်ပတ်ရုံးချိန်းမှာတော့ အကောင်းဆုံးတစ်ခုကိုတော့ ကျနော်တို့ မျှော်လင့်ထားကြတယ်။”ဟု ဦးဝေသောင်း၏သားကြီး ကိုဖြိုးဝေလင်းက နိရဥ္စရာသို့ ပြောသည်။

တရားစွဲခံနေရသူတို့မှာ တောင်ကုတ်မြို့ ANP ဒု-ဥက္ကဋ္ဌဦးဝေသောင်း၊ လက်ရှိ မြို့နယ်စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးဇေယျကျော်၊ မြို့နယ်စည်ပင်ကော်မတီဥက္ကဋ္ဌဟောင်း ဦးစန်းငွေနှင့် ဦးစည်သူကျော်ဇံ (ခေါ်)ကိုမိုက်ကယ်တို့ဖြစ်သည်။

၎င်းတို့သည် ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်၊ မေလအတွင်း ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် တရားစွဲဆိုခံထားရခြင်းဖြစ်သည်ဟု သိရသည်။

၎င်းတို့၏အမှုတွင် သက်သေများ အားလုံးစစ်ဆေးပြီးပြီဖြစ်၍ တရားရုံးက စွဲချက်တင်သင့် မတင်သင့် စီရင်ချက်ချရန်သာလိုတော့သည့် အမှုဖြစ်သည်ဟုလည်း သိရသည်။

ဆက်စပ် သတင်းများ