သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

တောင်ကုတ်မြို့မှ ANP မြို့နယ်ဒုဥက္ကဌ ဦးဝေသောင်းအပါ ၄ဦးအား ပုဒ်မ ၅၂(က)ဖြင့် စွဲချက်တင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဖေဖော်ဝါရီ ၂၀၂၁
  • | ကြည့်ရှုသူ: 9.3k

ကိုကိုတိုး


နိရဉ္စရာ၊ ဖေဖော်ဝါရီ၂၆/ ၂၀၂၁


တောင်ကုတ်မြို့မှ ရုံးချိန်း (၁ဝ) လထိ ကြာမြင့်ခဲ့သော ဦးဝေသောင်း၊ ဦးဇေယျကျော်၊ ဦးစန်းငွေနှင့် ဦးမိုက်ကယ်တို့  ၄ ဦးအမှုအား ယနေ့ တွင် တောင်ကုတ်မြို့ နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ပြီး ၎င်းတို့အမှုအားအကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မ ၅၂(က)ဖြင့် စွဲချက်တင်ရန် တရားသူကြီးက အမိန့်ချမှတ်ခဲ့သည်ဟု သတင်းရရှိသည်။

ယနေ့စစ်ဆေးမှုတွင် တရားသူကြီးက ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) နှင့် ရက္ခိုင့်တပ်တော် (AA) အားထောက်ပံ့သည်မှာ ထင်ရှားသဖြင့် ဆက်လက်၍စွဲချက်တင်ရန် အမိန့်ချမှတ်ခဲ့ကြောင်း ၄င်းစွပ်စွဲခံရသူများ၏အမှုတွင် လိုက်ပါဆောင်ရွက်နေသော ရှေ့ နေ ဒေါ် သင်္ဂီ မောင်က ပြောကြားသည်။

"ဒီနေ့အမှု ကတော့လေ၊ စွဲချက်အမိန့် ချမှတ် စွဲဆိုထားတာဟာ တရားသူကြီးက တရားလိုနဲ့ တရားလိုပြသက်သေတွေရဲ့တွက်ဆိုချက်တွေမှာ အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၂(က) ငြိစွန်း ပေါ်ပေါက်ချက်တွေရှိတာကြောင့် စွဲချက်တင်ပြီး ဖြေရှင်းစေဆိုပြီးတော့ အမိန့်ချလိုက်ပါတယ်ဟု ပြောကြားသည်။

သို့အတွက် စွပ်စွဲခံရသူများအနေဖြင့် အမှုအား ဆက်လက်ရင်ဆိုင်သွားရမည်ဟု ၎င်းက ပြောကြားသည်။

၅၂(က) အမိန့်ချလိုက်တဲ့အတွက် အပြစ်မရှိကြောင်းစွပ်စွဲခံရသူတရားခံဘက်တွေက  ဖြေရှင်း ရမယ်။ ဦးဇေယျကျော်၊ ဦးစန်းငွေ၊ကိုမိုက်ကယ်တို့ကို တရားခံပြသက်သေ ငါးယောက်နဲ့  ဦးဝေသောင်းက တရားခံပြသက်သေ နှစ်ယောက်ဖြင့် အမှု ကိုဆက်လက်ရင်ဆိုင်ရမှာဖြစ်ပါတယ်  ဟု ပြောဆိုသည်။

တရားရုံးထုတ်လာစဉ် အကြမ်းဖက်မှုဖြင့် စွပ်စွဲခံရသူ ဦးဝေသောင်းအား နိရဉ္စရာက မေးမြန်းရာ သူ့တွင် တစ်စုံတစ်ရာ အပြစ်မရှိကြောင်း ပြောကြားသည်။

"ကျွန်တော်ဟာ ပြည်သူ့အကျိုးပြု ပရဟိတကို တတ်နိုင်သလောက် လုပ်နေတဲ့သူပါ။ အလယ်အလတ် လမ်းစဉ်နဲ့ နေချင်သလို နေလည်းနေထိုင်သူ ဖြစ်ပါတယ် ဒီလို မတရားစွဲချက်တင်ခံရတဲ့ အပေါ်မှာလည်း အရမ်းပဲခံစားရပါတယ်။ ဝိုင်းရံလာတဲ့ မိတ်ဆွေတွေကိုလည်း အထူး ကျေးဇူးတင်တယ်"ဟု ဆိုသည်။

ဦးစန်းငွေမှလည်း သူ့အား ယခုလို စွပ်စွဲမှု အပေါ် စိတ်မကောင်းဖြစ်မိကြောင်း၊ သူအနေဖြင့် စေတနာထား လုပ်ဆောင်ခဲ့မှုများအပေါ် တောင်ကုတ်ဒေသခံများ သိရှိကြောင်း ပြောကြားသည်။

"မတရားဖမ်းဆီးခံရတာပါ။  ကျွန်နော်တို့ပြည်သူတွေအပေါ် ဘယ်လို စေတနာထားခဲ့ပြီး အလုပ်လုပ်ခဲ့တယ်ဆိုတာ တောင်ကုတ်ကလူတွေသိပါတယ်"ဟု ပြောသည်။

အကြမ်းဖက်မှု ၅၂(က) ဖြင့် တရားစွဲဆိုခံရသည့် တောင်ကုတ်မြို့နယ်မှ ရခိုင်အမျိုးသားပါတီ(ANP) ဒုဥက္ကဋ္ဌ ဦးဝေသောင်း၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးဇေယျကျော်၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဟောင်း ဦးစန်းငွေနှင့် လူမှုရေးလုပ်ငန်းများလုပ်ဆောင်သူ ဦးစည်သူကျော်ဇံ (ခ) ကိုမိုင်ကယ်တို့ကို ၂၀၂၀ ပြည့်နှစ် မေလအတွင်း ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ  ပုဒ်မ ၅၂(က) ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

၄င်းတို့အမှုကို  မတ်လ ၃ ရက်နေ့ကို  ပြန်လည်တရားချိန်း ပေးလိုက်ကြောင်း သိရှိရသည်။

ဆက်စပ် သတင်းများ