ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

တောင်ကုတ်မြို့မှ ANP မြို့နယ် ဒုဥက္ကဋ္ဌ ဦးဝေသောင်းအပါအဝင် ၄ ဦးအား ရုံးထုတ်စစ်ဆေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ မတ် ၂၀၂၁
  • | ကြည့်ရှုသူ: 4.4k

ကိုကိုတိုး

နိရဉ္စရာ၊ မတ်လ /၂၀၂၁

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် တရားစွဲခံနေရသည့် ဦးဝေသောင်း၊ ဦးဇေယျကျော်၊ ဦးစန်းငွေနှင့် ဦးမိုက်ကယ်တို့ ၄ ဦးအမှုအား တောင်ကုတ်မြို့နယ် တရားရုံးတွင်  မန်နေ့ ရုံးထုတ်စစ်ဆေးခဲ့သည်ဟု သတင်းရရှိသည်။

ရုံးထုတ်စစ်ဆေးခဲ့ရာတွင် တစ်စုံတစ်ရာ ထူးခြားမှုမရှိဘဲ လာမည့် မတ်လ ၁၁ ရက်နေ့ကို ထပ်မံ ရုံးချိန်းလိုက်ကြောင်း ၎င်းအမှုအားလိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးတင်ညိုက ပြောသည်။

စစ်ဆေးတဲ့ အမှုအခြေနေကတော့ ထူးခြားမှုမရှိပါဘူး။ ပထမဆုံး တရားခံ မိုက်ကယ်ကို စစ်ဆေးတယ်။ ပြီးတော့ တရားခံ ဦးဝေသောင်းကို စစ်ဆေးတာပေါ့။ တရားခံ ဇေယျကျော် ကိုတော့ အနည်းအကျဉ်းလောက်ပဲ စစ်ဆေးလိုက်ရတယ်။ ကျန်တဲ့ တစ်ယောက်ကို မစစ်လိုက်ရဘူး။ ဘာကြောင့်ဆိုတော့ ညန ၃ နာရီမှာ မြို့နယ်တရားသူကြီးက အစည်းအဝေး တစ်ခုရှိတယ်။ အဲဒါကြောင့် ရပ်နားလိုက်ရတယ်။ နောက်ထပ် ကျနော်တို့ကို ဒီလာဖို့ ၁၁ ရက်နေ့ကို ရုံးပြန်ချိန်းလိုက်တာဖြစ်တယ်ဟု ၎င်းက ပြောသည်။

အမှုရင်ဆိုင်နေရသူ ၄ ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က)ဖြင့် စွဲချက်တင်ရန် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် တောင်ကုတ်မြို့နယ် တရားရုံးက အမိန့်ချမှတ်ခဲ့သည်ဟုလည်း သိရသည်။

အမှုရင်ဆိုင်နေရသူ (ANP) ဒုဥက္ကဋ္ဌ ဦးဝေသောင်းက ယခုအမှုသည် သူတို့အား လုပ်ကြံ၍ ဖမ်းဆီး အမှုဆင်ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

ဒီအမှုရဲ့ အခြေနေကနော် ကျနော်တို့ဘက်က ကျူးလွန်ထားတာ ဘာမှမရှိဘူး။ တမင် သက်သက် အမှုဆင်ပြီးတော့ ဖမ်းခဲ့တဲ့ ကိစ္စတစ်ခုဖြစ်တယ်။ ပြီးတော့ လုပ်ကြံပြီး ဖမ်းခဲ့တဲ့ အမှုဖြစ်တယ်။ ဒီဟာက သံသယနဲ့ ဖမ်းခဲ့တဲ့ အမှုတစ်ခုလည်း ဖြစ်တယ်။ မှန်မှန်ကန်ကန်နဲ့ စစ်ဆေး ပေးသွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျနော်တို့ဘက်က အများကြီး နစ်နာတယ်။ အခုဆိုလို့ရှိရင်  ၁၀ လရှိနေပြီပေါ့။ အခုက ဒီအမှုဟာ အတိုင်းထက်အလွန်ကြာနေပြီဟု ဦးဝေသောင်းက ပြောသည်။

တောင်ကုတ်မြို့နယ်မှ ရခိုင်အမျိုးသားပါတီ (ANP) ဒုဥက္ကဋ္ဌ ဦးဝေသောင်း၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးဇေယျကျော်၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌဟောင်း ဦးစန်းငွေနှင့် လူမှုရေးလုပ်ငန်းများလုပ်ဆောင်သူ ဦးစည်သူကျော်ဇံ(ခ)ကိုမိုက်ကယ် တို့သည် ၂၀၂၀ ပြည့်နှစ် မေလအတွင်း ဖမ်းဆီးခံခဲ့ရပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂(က) ဖြင့် တရားစွဲဆိုခံထားရခြင်းဖြစ်သည်။

ဆက်စပ် သတင်းများ