စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

သာမန်လူတစ်ယောက်ကဲ့သို့ လွတ်လွတ်လပ်လပ်တရားရုံးထုတ်စစ်ဆေးရန် ဝန်ကြီးချုပ်ဟောင်း ဦးညီပုလိုလားဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ မတ် ၂၀၂၁
  • | ကြည့်ရှုသူ: 1.4k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဉ္စရာ၊ မတ်လ ၄ / ၂၀၂၁

 

ရခိုင်ပြည်နယ်၊ ဝန်ကြီးချုပ်ဟောင်း ဦးညီပုက သာမန်လူတစ်ယောက်ကဲ့သို့ လွတ်လွတ်လပ်လပ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးရန် လိုလာကြောင်း ၎င်း၏ အမှုလိုက်ရှေ့နေ သတင်းဥပဒေအထောက်အကူပြုအဖွဲ့မှ ရှေ့နေ ဦးငြိမ်းချမ်းက ပြောသည်။

 

ယနေ့ ဒုတိယအကြိမ်မြောက် ရုံးချိန်းတွင်းလည်း Video Conferencing နှင့် ရုံးထုတ်ခဲ့စဉ် ဦးညီပုက ထိုသို့ ပြောကြားခဲ့ကြောင်း၊ အမှုကို လာမည့် မတ်လ ၁၇ ရက်နေ့သို့ ထပ်မံရုံးချိန်းလိုက် သည်ဟု  ၎င်းက ဆက်ပြောသည်။

 

အမှုကိစ္စတွေကို ပြောဖို့အတွက်ကျတော့ အမှုသည်နဲ့ ရှေ့နေနဲ့ နှစ်ယောက်လုံး လွတ်လပ်မှုတွေလိုတယ်။ ဦးညီပုဖက်ကတော့ သာမန်လူတစ်ယောက်လိုမျိုးပေါ့အချုပ်နဲ့ တရားရုံးမှာ ရင်ဆိုင်လို့ရတယ်ဆိုပြီးတော့ ပြောတယ်ဟုပြောသည်။

 

ဝန်ကြီးချုပ်ဟောင်း ဦးညီပုအမှုသည်နှင့် ပတ်သက်ပြီး ရှေ့နေနှင့် အမှုသည်မှာ လွတ်လွတ်လပ်လပ် တွေ့ဆုံစကားပြောဖို့ လိုအပ်ကြောင်းလည်း သူကဆက်ပြောသည်။

 

ဦးညီပုနှင့် ပတ်သက်ပြီး မှုခင်းစီမံခန့်ခွဲ အစည်းအဝေးကို ပြုလုပ်ခဲ့ကြသည်ဟု ၄င်းကဆက်ပြောသည်။

 

ဒီနေ့ရုံးချိန်းမှာတော့ ကျနော်တို့ မှုခင်းစီမံခန့်ခွဲမှုလုပ်တယ်ပေါ့။ အမှုတစ်မှုကို ကျနော်တို့  ဘယ်နေ့ကနေ ဘယ်နေ့မှာ ဘာလုပ်မယ်။ ဘယ်နှစ်ရက်အတွင်းမှာ ကျနော်တို့ အပြီးသတ်တွေလုပ်မယ်ဆိုတာတွေကို ကျနော်တို့ လုပ်ကြတယ်ပေါ့လေ။ လောလောဆယ်တော့ ဒီနေ့က အကြိုညှိနှိုင်းအစည်းအဝေးလို့ခေါ်တာပေါ့။ မှုခင်းစီမံခန့်ခွဲမှု အစည်းအဝေး အဲဒါကိုလုပ်တယ် ဟုပြောသည်။

 

သူကို ပြီးခဲ့သော ဖေဖော်ဝါရီ ၁ဝ ရက်နေ့ည ၁ဝ နာရီကျော်က ၄င်း၏ ဂွမြို့နယ်၊ နေအိမ်မှ တပ်မတော်သားများက ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက်ပိုင်း နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅(ခ)ဖြင့် အမှုဖွင့်ထားခဲ့ခြင်းဖြစ်သည်။

 

၄င်းအား ပြီးခဲ့သော ဖေဖော်ဝါရီ ၂၂ ရက်နေ့ကလည်း ပထမအကြိမ် Video Conferencing ဖြင့် ရုံးထုတ် စစ်ဆေးခဲ့သည်။

 

လက်ရှိအချိန်တွင် ဦးညီပုသည် တပ်မတော်၏ ထိန်းသိမ်းမှုအောက်တွင်  ရှိနေသည်ဟု ဦးငြိမ်းချမ်းက ဆိုသည်။

ဆက်စပ် သတင်းများ