ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ညီ ကိုအောင်မြတ်ကျော်အပါအဝင် ၈ ဦး လာမည့်ရုံးချိန်းတွင် လွတ်မြောက်မည်ဟုမျှော်လင့်ထားကြောင်း အမှုလိုက်ရှေ့နေပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ မတ် ၂၀၂၁
  • | ကြည့်ရှုသူ: 924

ဆောင်းဇာခြည်

နိရဥ္စရာ၊ မတ် ၁၂/၂၀၂၁


ရက္ခိုင့်တပ်တော် (AA) စစ်ဦးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ညီ ကိုအောင်မြတ်ကျော်အပါအဝင် ၈ ဦး လာမည့် မတ်လ ၁၈ ရက်နေ့ရုံးချိန်းတွင် လွတ်မြောက်မည်ဟု ၇၀ ရာနှုန်းအထိ မျှော်လင့်ထားကြောင်း အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးခင်နုက ပြောသည်။

ဗွီဒီယိုအွန်လိုင်းကနေပြီးတော့ လာမယ့်ရုံးချိန်းမှာ စစ်ဆေးမှာ။ သူတို့ကလည်း ဗွီဒီယိုအွန်လိုင်းကနေ စစ်ဆေးပေးဖို့ တောင်းဆိုထားတာရှိတယ်လေ။ လာမယ့်ရုံးချိန်းမှာတော့ တစ်ခုတော့ ထူးမယ်လို့ ထင်ပါတယ်။ အခုက သူတို့ကို တရားစွဲထားတဲ့ ရဲတပ်ဖွဲ့က အမှုတွေကို ပြန်ရုပ်သိမ်းပေးရမယ်လေ။ အကြမ်းဖက်အဖွဲ့ အဖြစ်ကနေ ဖျက်ထားပြီးပြီလေ။ ကျွန်တော်တို့ကတော့ လာမယ့်ရုံးချိန်းမှာ လွတ်မယ်လို့ ၇၀ ရာခိုင်နှုန်းလောက် မျှော်လင့်ထားပါတယ် ဟု ပြောသည်။

၄င်းတို့ကို မတ်လ ၁၈ ရက်နေ့တွင် ဗွီဒီယိုအွန်လိုင်းမှတစ်ဆင့် ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်သည်။

ယမန်နေ့ မတ်လ ၁၁ ရက်နေ့က ULA/ AA ကို အကြမ်းဖက်အဖွဲ့မှ ရုပ်သိမ်းကြောင်း လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ခဲ့သဖြင့်  အကြမ်းဖက်ဥပဒေပုဒ်မများဖြင့် တရား စွဲဆိုထားသည့် ကိုအောင်မြတ်ကျော် အပါအဝင် ၈ ဦး၏  အမှုကို တရားလိုဘက်မှ ပြန်ရုပ်သိမ်း သွားနိုင်ခြေရှိကြောင်း သူက ပြောသည်။

လက်ရှိ အမှုအခြေနေက ရဲသက်သေ တရားလိုဘက်က သက်သေပေါ့။ အဲဒီ တရားလိုသက်သေကို စစ်ဆေးဖို့အတွက် ၄ ယောက်ကျန်သေးတယ်။ တရားလိုသက်သေက စုစုပေါင်း ၂၀ ကျော်ရှိတဲ့အထဲ အခု စစ်ဆေးဖို့ ၄ ယောက်ပဲကျန်ခဲ့တာ။ အေအေကို အကြမ်းဖက်အဖွဲ့လို့ ကြေညာတဲ့အမိန့်က သူတို့ကို တရားစွဲပြီးနောက်ပိုင်းမှ ထုတ်ပြန်တာ ဖြစ်တယ်။ အဲဒါကြောင့် ဒါဟာ ဥပဒေနဲ့ မညီဘူး။ ဆိုတော့ ကြေညာတဲ့နေ့ကစလို့ နောက်ပိုင်းမှာ ဆက်စပ်တဲ့သူတွေကို အရေးယူရမယ်လေ။ သူတို့က အကြမ်းဖက်အဖွဲ့ မကြေညာခင်ကတည်းက ဖြစ်တဲ့ကိစ္စဖြစ်တဲ့အတွက် ဥပဒေအရ အကျုံး မဝင်ဘူးပေါ့ ဟု ဦးခင်နုက ဆက်ပြောသည်။

အဆိုပါ အကြမ်းဖက်မှု ပုဒ်မများဖြင့် တရားစွဲဆိုခံထားရသူ ၈ ဦးမှာ ကိုအောင်မြတ်ကျော် အပါအဝင် ကိုမြတ်လင်းဦး၊ ကိုရဲကျော်ထက်၊ မအေးမြတ်မွန်၊ ကိုတင်လှိုင်ဦး၊ ကိုဟိန်းဇော်၊ မောင်ပန် (ခ) ထွန်းအေးနှင့် ကိုရွှေလှိုင်သန်းတို့ဖြစ်ကြသည်။

ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသည့် ကိုတင်လှိုင်ဦး၏ ဖခင် ဦးထွန်းတင်က ကျွန်တော်တို့ကတော့ အမြန်ဆုံးလွတ်စေချင်ပါတယ်။ အဖမ်းခံထားရတာကလည်း ကြာလည်းကြနေပြီ။ အခု လာမယ့် ရုံးချိန်းမှာတော့ တစ်ခုခုထူးမယ်လို့ သတင်းတွေ ထွက်နေတယ်ပေါ့။ ဟု ပြောသည်။

၄င်းတို့ (၈) ဦးမှာ စင်္ကာပူရခိုင်အသင်းမှ တာဝန်ရှိသူများဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နှင့် ၇ ရက်နေ့တို့တွင် စင်္ကာပူပြည်ထဲရေးက ဖမ်းဆီးခဲ့ပြီး ဇူလိုင်လ ၁၀ ရက်၊ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်ပို့ခံခဲ့ရသည်။

ယင်းနောက် ပုဒ်မ ၅၀ (ည)နှင့် ပုဒ်မ ၅၂ (က) တို့ဖြင့် အသီးသီးတရားစွဲဆိုခံထားရကာ လက်ရှိ ရန်ကုန်ရှိ အင်းစိန်အကျဉ်းထောင်ထဲ၌ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံထားရခြင်းဖြစ်သည်။

ပုဒ်မ ၅၀ (ည) သည် နိုင်ငံတော်အစိုးရက အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ထားသည့် အဖွဲ့များကို ငွေကြေးထောက်ပံ့ပါက တရားစွဲဆိုခံရနိုင်သည့် ပုဒ်မဖြစ်ပြီး ပြစ်ဒဏ်ထင်ရှားကြောင်း တရားရုံးက ဆုံးဖြတ်ပါက ထောင်ဒဏ် တစ်သက်နှင့် ငွေဒဏ်ကျခံရမည်ဖြစ်သည်။

ပုဒ်မ ၅၂ (က) သည် နိုင်ငံတော်အစိုးရက အကြမ်းဖက်အဖွဲ့ဟု သတ်မှတ်ထားသည့် အဖွဲ့၏ တာဝန်များအား ဆောင်ရွက်ပေးခြင်း၊ အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်ခြင်းပြုလုပ်လျင် တရားစွဲဆိုခံရမည့် ပုဒ်မများဖြစ်ပြီး ပြစ်ဒဏ်ထင်ရှားကြောင်း တရားရုံးက ဆုံးဖြတ်ပါက အနည်းဆုံး ထောင်ဒဏ် (၃) နှစ်မှ (၇) နှစ်အထိ ချမှတ်နိုင်သည်ဟု သိရသည်။

ဆက်စပ် သတင်းများ